တောင်အာဖရိက၌ အရက်ဆိုင်ကြမ်းပြင်ကိုဖောက်ထွင်းကာ အရက်များခိုးယူ

တောင်အာဖရိက၌ အရက်ဆိုင်ကြမ်းပြင်ကိုဖောက်ထွင်းကာ အရက်များခိုးယူ

ဇွန် ၉

တောင်အာဖရိက၌ အရက်ရောင်းဝယ်မှုတားမြစ်ချက်အား မရုပ်သိမ်းမီ သူခိုးများသည် ဒေါ်လာထောင်ပေါင်းများစွာတန်သော အရက်များကိုခိုးယူရန် ဈေးဝယ်စင်တာရှိ အရက်ဆိုင်၏ကွန်ကရစ်ကြမ်းပြင်ကို ဖောက်ထွင်းခဲ့ကြသည်ဟု တာဝန်ရှိရဲတစ်ဦးက ပြောသည်။

သူခိုးများသည် တန်ဖိုးအားဖြင့် အမေရိကန်ဒေါ်လာ ၁၇ ၀၀၀ ဝန်းကျင်ရှိသော ဝီစကီ၊ ဘရန်ဒီ၊ ဂျင်၊ ဗော့ကာနှင့် ဘီယာတို့ကို အလစ်သုတ်ခိုးယူသွားခဲ့ကြခြင်းဖြစ်သည်။

ဂျွန်ဟန်းနက်စ်ဘာ့မြို့ နယူတန်ရပ်ကွက်က Shoprite စူပါမားကတ်ရှိအလုပ်သမားများသည် ဇွန်လ ၁ ရက် ဆိုင်ပြန်ဖွင့်ရန်အတွက် ကြိုတင်ပြင်ဆင်မှုလုပ်ရန် ဆိုင်သို့လာရာတွင် ဖောက်ထွင်းမှုကို တွေ့ရှိခဲ့ကြခြင်းဖြစ်သည်။

တောင်အာဖရိကတွင် မတ်လ ၂၇ ရက်မှ စတင်သက်ရောက်ခဲ့သော လော့ဒေါင်းစည်းမျဉ်းများအရ အရက်ရောင်းဝယ်မှုကို ဇွန်လ ၁ ရက်မတိုင်မီထိ တားမြစ်ထားခြင်းဖြစ်သည်။ တားမြစ်ထားခြင်းမှာ အရေးပေါ်ဌာနများအပေါ်ဖိအားဖြစ်စေမှု လျော့ပါးစေရန်နှင့် ပြည်တွင်းအကြမ်းဖက်မှုကို တားဆီးနိုင်ရန်ဖြစ်သည်။

“ရေခဲသေတ္တာဘေးက ကြမ်းပြင်မှာ အပေါက်ကြီးတစ်ခုတွေ့ခဲ့တာပါ။  သူခိုးတွေက မြေအောက်ဥမင်လှိုင်ခေါင်းကနေ ဝင်လာတာလို့ သံသယရှိပါတယ်” ဟု ပြောရေးဆိုခွင့်ရှိသူရဲအရာရှိ kay Makhubela က ထုတ်ပြန်ချက်တွင် ရေးသားထားသည်။

ဈေးဝယ်စင်တာတစ်ခုအတွင်းတွင် တည်ရှိသော Shoprite ဆိုင်သည် ပြင်ပမှ ဝင်၍မရဘဲ လုံခြုံမှုရှိသည်။

သံသယရှိသူများသည် ဈေးဝယ်စင်တာ၏ အဓိကဝင်ပေါက်ကို ရှောင်ပြီး ဆိုင်အောက်ကဝင်ရောက်ရန် စင်တာအောက်ရှိ လျှပ်စစ်နှင့်ရေလမ်းများသွယ်တန်းထားသော ဥမင်ကို အသုံးပြုခဲ့ကြကြောင်း၊ ဥမင်အတိုင်းလာပြီး အရက်ဆိုင်အောက်ရှိ ကွန်ကရစ် ကြမ်းပြင်ကိုဖောက်ခဲ့ကြကြောင်း၊ အရက်အများအပြားခိုးယူရန် အကြိမ်ရေအနည်းမျှ ပြန်လာခဲ့ကြောင်း Shoprite ဆိုင်၏ ထုတ်ပြန်ချက်တွင် ရေးသားထားသည်။

CCTV မှတ်တမ်းများအရ သူခိုးများသည် မေလ ၂၁ ရက်တွင် ဆိုင်အတွင်း  ပထမဆုံးဝင်ရောက်ခဲ့ကြောင်း သိရသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly