နိုင်ငံခြားသားဧည့်သည်များ ဝင်ရောက်ခွင့် ကန့်သတ်ချက်ကို ဖြေလျှော့ရန် ထိုင်းနိုင်ငံ စဉ်းစား

နိုင်ငံခြားသားဧည့်သည်များ ဝင်ရောက်ခွင့် ကန့်သတ်ချက်ကို ဖြေလျှော့ရန် ထိုင်းနိုင်ငံ စဉ်းစား

ဇွန် ၉

ထိုင်းနိုင်ငံအနေဖြင့် ပြည်ပမှ ဧည့်သည်များကို ဝင်ရောက်ခွင့် ကန့်သတ်ထားခြင်းအား ယခုနှစ် တတိယ သုံးလပတ် သို့မဟုတ် နောက်ဆုံး သုံးလပတ်တွင် ဖြစ်နိုင်သမျှ ဖြေလျှော့ရန် အစိုးရက စဉ်းစားသုံးသပ်လျက် ရှိသည်ဟု ဒုတိယဝန်ကြီးချုပ် ဆွမ်ကစ်ဂျာတူစရီပီတက်က ပြောသည်။

ထိုသို့ ဖြေလျှော့ပေးရာတွင် ကိုရိုနာဗိုင်းရပ်စ် ကင်းစင်သော ဒေသမှ လာရောက်မည့်သူများကို ဦးစားပေးသွားမည်ဖြစ်သည်ဟု ဆိုသည်။

ပြည်ပမှ နေရပ်ပြန်လာသူများအား ကန့်သတ်ထားချက်များကို ဖြေလျှော့ပေးခြင်းသည် ခရီးသွားလုပ်ငန်းကဏ္ဍ ပြန်လည်စတင်ရေးအတွက် ပထမခြေလှမ်းဖြစ်ကြောင်း ဆွမ်ကစ်က ပြောသည်။ သို့သော် အစိုးရအနေဖြင့် ကိုရိုနာဗိုင်းရပ်စ် ဒုတိယလှိုင်း ဘေးအန္တရာယ်ကို လျှော့ချနိုင်ရေးအတွက် ခရီးသည်များအား စက္ကရင်ဖတ်ခြင်းနှင့် ထိရောက်သော နောက်ကြောင်းရာဇဝင် စစ်ဆေးသည့် စနစ်အား အကောင်အထည်ဖော်ခြင်းတို့ကို လုပ်ဆောင် ရန် ရှိနေသည်ဟု ၎င်းက ပြောသည်။

ကိုရိုနာဗိုင်းရပ်စ် ကူးစက်ဖြစ်ပွားမှုကို ထိန်းချုပ်နိုင်သော နိုင်ငံများ၊ ဒေသများမှ ဧည့်သည်များကို ပထမဆုံး ခွင့်ပြုဖြစ်ရန် ရှိနေပြီး ယင်းကိစ္စကို ဝန်ကြီးချုပ် ပရာယွတ်ချန်အိုချာနှင့် တိုင်ပင်ထားပြီးဖြစ်သည်ဟုလည်း ဆွမ် ကစ်က ပြောသည်။

“အခြား နိုင်ငံတစ်နိုင်ငံလုံးက လာရောက်မယ့် ဧည့်သည်တွေကို ခွင့်ပြုပေးမှာမျိုးတော့ မဟုတ်ဘူး။ ပြည်ပနိုင်ငံရဲ့ ကိုရိုနာဗိုင်းရပ်စ် ကင်းစင်တဲ့ မြို့တွေ၊ ပြည်နယ်တွေက ဧည့်သည်တွေကိုပဲ ကျွန်တော်တို့ ခွင့်ပြုပေးနိုင်မှာ ဖြစ်တယ်။ ခရီးသွားကန့်သတ်ချက်တွေကို တစ်ဖြည်းဖြည်း ဖြေလျှော့သွားပြီး ပြည်ပဧည့်သည်တွေအနေနဲ့ ထိုင်းနိုင်ငံဆီ ဒီနှစ်ရဲ့ တတိယသုံးလပတ် ဒါမှမဟုတ် စတုတ္ထသုံးလပတ်မှာ လာရောက်နိုင်ကြဖို့ မျှော်လင့်ထားတယ်။”ဟု ၎င်းက ပြောသည်။

ပြည်တွင်း သုံးစွဲမှုနှင့် ခရီးသွားလုပ်ငန်းအား စေ့ဆော်ခြင်းသည် စီးပွားရေးပြန်လည်ဦးမော့မှု အထူးသဖြင့် လက်ရှိ၌ နှေးကွေးလေးကန်နေသော သွင်းကုန်ကဏ္ဍအတွက် အခရာကျကြောင်း ဒုတိယဝန်ကြီးချုပ် ဆွမ်ကစ်က ပြောသည်။

ဘဏ္ဍာရေးဝန်ကြီးဌာနကလည်း ခရီးသွားကန့်သတ်ချက် ဖြေလျှော့မည့် အချိန်နှင့် ထပ်တူကျလျက် တတိယသုံးလပတ်တွင် အကူအညီရန်ပုံငွေသစ်ကို ချထားပေးရန် ရှိနေကြောင်း ဆွမ်ကစ်က ပြောသည်။

လော့ဒေါင်းဖြေလျှော့လိုက်ပြီးနောက် ပြည်တွင်းခရီးသွားလုပ်ငန်းသည် ပြန်လည်မြင့်တက်လာသော်လည်း ပြည်သူများ ပိုမို၍ ခရီးသွားခြင်းနှင့် အသုံးစရိတ် သုံးစွဲခြင်းများနှင့် ဦးမော့မှု အရှိန်ကို ဆက်ထိန်းထားနိုင်ရေးအ တွက် စေ့ဆော်မှုသစ်များ လိုအပ်ကြောင်း ၎င်းက ပြောခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly