နယ်စပ်တင်းမာမှုအား ငြိမ်းချမ်းစွာ ဖြေရှင်းရန် အိန္ဒိယနှင့် တရုတ် သဘောတူ

နယ်စပ်တင်းမာမှုအား ငြိမ်းချမ်းစွာ ဖြေရှင်းရန် အိန္ဒိယနှင့် တရုတ် သဘောတူ

ဇွန် ၉

ဟိမဝန္တာတွင် နယ်စပ်တင်းမာမှုများကို သံတမန်ရေးနှင့် စစ်ရေးလမ်းကြောင်းများမှတစ်ဆင့် ငြိမ်းချမ်းစွာ ဖြေရှင်းသွားရန် အိန္ဒိယနှင့် တရုတ်နိုင်ငံတို့ သဘောတူခဲ့ကြသည်။

“အပြန်အလှန် သဘောတူညီချက်တွေအရ နယ်စပ်ဒေသက အခြေအနေကို ငြိမ်းချမ်းစွာ ဖြေရှင်းဖို့ နှစ်ဖက်စလုံးက သဘောတူခဲ့ပါတယ်။ အိန္ဒိယနဲ့ တရုတ်ကြားက နယ်စပ်ဒေသ ငြိမ်းချမ်းရေးနဲ့ တည်ငြိမ်ရေးဟာ အပြန်အလှန် ဆက်ဆံရေးမှာ ဘက်ပေါင်းစုံ ဖွံ့ဖြိုးတိုးတက်ဖို့အတွက် မရှိမဖြစ်အရေးကြီးကြောင်းကို ခေါင်းဆောင်တွေကြား သဘောတူညီမှု ရရှိခဲ့ပါတယ်။”ဟု နှစ်နိုင်ငံကြား အပြန်အလှန် ဆွေးနွေးပွဲများ ပြီးနောက် တနင်္ဂနွေက အိန္ဒိယ နိုင်ငံခြားရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ပြီးခဲ့သည့်လမှစပြီး လာဒက်ရှ်အစွန်အဖျားဒေသတွင် နှစ်ဖက်စလုံးမှ စစ်သားထောင်ပေါင်းများစွာ ထိပ်တိုက်ဆိုင်နေခဲ့ခြင်း ဖြစ်သည်။ အိန္ဒိယနိုင်ငံသည် ဂဲလ်ဝန်တောင်ကြားတစ်လျှောက် မဟာဗျူဟာလမ်းမကို ဖောက်လုပ် လျက်ရှိပြီး လာဒက်ရှ်ဒေသကို လေယာဉ်ဆင်းကွင်းနှင့် ချိတ်ဆက်လျက်ရှိကြောင်း အေပီသတင်းတစ်ရပ်က ဖော်ပြသည်။ အိန္ဒိယ၏ ယင်း လုပ်ဆောင်ချက်ကို တရုတ်နိုင်ငံက ကန့်ကွက်ထားသည်။

အငြင်းပွားနယ်စပ်အနီး လက်ရှ်ခရိုင်တွင် စနေနေ့က နှစ်ဖက် စစ်တပ်မှူးများ တွေ့ဆုံခဲ့ကြသည်။ အဆိုပါ စည်းဝေးတွေ့ဆုံမှုသည် ဖော်ရွေပျူငှာပြီး အပြုသဘောဆောင်ကြောင်း အိန္ဒိယဖက်မှ ထုတ်ပြန်သော်လည်း တရုတ်က ချက်ချင်း မတုံ့ပြန်ခဲ့ပေ။ နယ်စပ်အခြေအနေသည် တည်ငြိမ်ပြီး ထိန်းချုပ်နိုင်သည်ဟု တရုတ်က ယခင်အချိန်များက ပြောထားခဲ့သည်။

တင်းမာမှု အရှိန်မြင့်မည်ကို နှစ်ဖက်စလုံးက မလိုလားခြင်းကြောင့် အငြင်းပွားမှုကို အခင်အမင်မပျက် ဖြေရှင်းနိုင်ဖွယ်ရာ ရှိသည်ဟု ယူရေးရှားအုပ်စုမှ တောင်အာရှသုတေသီ အက်ခေးဘာရီက ပြောသည်။

အိန္ဒိယနှင့် တရုတ်နိုင်ငံတို့သည် ၁၉၆၂ ခုနှစ်က စစ်ဖြစ်ခဲ့ပြီး ပိုင်နက်နယ်မြေအဖြစ် နှစ်နိုင်ငံအတည်ပြုထားသော ထိန်းချုပ်မျဉ်း LAC တွင် ၁၉၇၅ ခုနှစ်က လူတစ်ဦး သေဆုံးမှု ရှိခဲ့ကြောင်း ၎င်းက CNBC သို့ ပြောသည်။ LAC မျဉ်းသည် တရုတ်-အိန္ဒိယ နယ်စပ်မျဉ်းအဖြစ် လက်တွေ့သဘောအရ သတ်မှတ်ထားခြင်း ဖြစ်သည်။

အိန္ဒိယနိုင်ငံသည် နယ်စပ်က ၎င်းဖက်ခြမ်း၌ အခြေခံအဆောက်အအုံများ ပို၍ ဆောက်လုပ်နေခြင်းက တရုတ်အတွက် စိတ်ဆိုးစရာဖြစ်နေသည်ဟုလည်း ၎င်းက ပြောခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly