နယူးဇီလန်၌ COVID-19 လူနာမရှိတော့၍ ကိုရိုနာဗိုင်းရပ်စ် ကင်းစင်သွားပြီဟု ထုတ်ပြန်

နယူးဇီလန်၌ COVID-19 လူနာမရှိတော့၍ ကိုရိုနာဗိုင်းရပ်စ် ကင်းစင်သွားပြီဟု ထုတ်ပြန်
Photo - AFP

ဇွန် ၈

နယူးဇီလန်နိုင်ငံတွင် ကိုရိုနာဗိုင်းရပ်စ် စတင်ကူးစက်ဖြစ်ပွားပြီးနောက်ပိုင်း ပထမဆုံးအကြိမ်အဖြစ် ယခုအခါ COVID-19 ကူးစက်လူနာ လုံးဝ မရှိတော့ဘဲ ဗိုင်းရပ်စ် ကင်းစင်သွားပြီ ဖြစ်ကြောင်း ထုတ်ပြန်သွားခဲ့သည်။ ယင်းက ဗိုင်းရပ်စ်ကို အမြစ်ဖြတ်ရှင်းလင်းမည် ဆိုသည့် နယူးဇီလန် အာဏာပိုင်တို့၏ ရည်မှန်းချက် ပြည့်မြောက်သွားခဲ့ခြင်းကို ပြသနေသည်။

နိုင်ငံတွင် နောက်ဆုံးကျန်ရှိနေသော ကိုရိုနာဗိုင်းရပ်စ် လူနာသည် ယခုအခါ ပြန်လည်သက်သာကောင်းမွန်သွားခဲ့ပြီ ဖြစ်ကြောင်း အဆိုပါ တောင်ပစိဖိတ်နိုင်ငံက ဇွန်လ ၈ ရက်တွင် ပြောသည်။

ယင်းအတွက်ကြောင့် နယူးဇီလန်နိုင်ငံသည် ကိုရိုနာဗိုင်းရပ်စ်ကို အောင်မြင်စွာ အမြစ်ဖြတ်ရှင်းလင်းထားနိုင်ခဲ့သည့် အနည်းအကျဉ်းသော ကမ္ဘာ့နိုင်ငံများထဲတွင် တစ်နိုင်ငံအဖြစ် ပါဝင်လာခဲ့ပြီ ဖြစ်သည်။

“ဖေဖော်ဝါရီ ၂၈ ရက်နောက်ပိုင်း ပထမဆုံးအကြိမ်အဖြစ် ကူးစက်ခံလူနာ မရှိတော့တာကတော့ ကျွန်တော်တို့ သွားနေတဲ့ ခရီးလမ်းပေါ်မှာ သိသာထင်ရှားတဲ့ အမှတ်လက္ခဏာတစ်ခု ဖြစ်လာခဲ့ပါတယ်၊ ဒါပေမယ့် ကျွန်တော် အရင်ကလည်း ပြောထားပြီးသားပါ၊ ကိုဗစ်-၁၉ နဲ့ပတ်သက်လို့ ဆက်ပြီး သတိရှိရှိ နေဖို့လိုတယ်ဆိုတာလေ၊ ဒါကတော့ တကယ်မဖြစ်မနေ လိုအပ်ပါတယ်” ဟု နယူးဇီလန် ကျန်းမာရေးဌာန ညွန်ကြားရေးမှူးချုပ် အက်ရှ်လေ ဘလွန်းမ်ဖီးလ်က ပြောသွားခဲ့သည်။

ယခုကဲ့သို့ နိုင်ငံတွင် ဗိုင်းရပ်စ်ကင်းစင်သွားပြီဖြစ်ကြောင်း ထုတ်ပြန်ကြေညာခြင်းနှင့်အတူ မကြာမီ ဝန်ကြီးချုပ် ဂျက်ဆင်ဒါ အာဒန်းအနေဖြင့်လည်း ပြည်သူများနှင့် စီးပွားရေးလုပ်ငန်းများအပေါ် ချမှတ်ထားသည့် လက်ကျန် ပိတ်ပင်ကန့်သတ်ချက်အားလုံးကို ပြန်ရုပ်သိမ်းကြောင်း ကြေညာပေးသွားဖွယ် ရှိနေသည်။

နယူးဇီလန်နိုင်ငံတွင် ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံခဲ့ရသည်ဟု အတည်ပြုထားနိုင်ခဲ့သူပေါင်းနှင့် ဖြစ်နိုင်ခြေရှိသူပေါင်း ၁,၅၀၄ ဦး ရှိခဲ့ပြီး ဗိုင်းရပ်စ်ကြောင့် သေဆုံးသူ ၂၂ ဦး ရှိခဲ့သည်။ ယင်းနိုင်ငံတွင် ဗိုင်းရပ်စ် ကူးစက်ခံရမှုဖြစ်စဉ်သစ် မရှိခဲ့သည်မှာလည်း ၁၇ ရက်ကြာ ရှိသွားပြီ ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly