ဇွန် ၇
ဩစတြေးလျ အမျိုးသားတစ်ဦး ရရှိသော မွေးနေ့လက်ဆောင်သည် မျှော်လင့်ထားသည်ထက်များစွာ အပျော်များ ဆောင်ကြဉ်းလာခဲ့သည်။
ဇနီးဖြစ်သူက မွေးနေ့လက်ဆောင်အဖြစ် ပေးသော ထီလက်မှတ်တစ်စောင်က အမေရိကန်ဒေါ်လာ သုံးသိန်းခွဲနီးပါး ထီဆုကြီး ပေါက်သွားခြင်းကြောင့် ဖြစ်သည်။
ကွင်းစလန်မြို့ ဘန်ဒါဘတ်ချ်အရပ်မှ အမျိုးသမီးက ၎င်း၏ ခင်ပွန်းဖြစ်သူအတွက် မွေးနေ့လက်ဆောင်အဖြစ် Gold Lotto ထီလက်မှတ်ကို ဝယ်ယူခဲ့ခြင်းဖြစ်ကြောင်း ထီရုံတာဝန်ရှိသူများအား စနေနေ့က ပြောသည်။
“အမှန်တော့ ဒီ ထီလက်မှတ်ကို ကျွန်မက အမျိုးသားရဲ့ မွေးနေ့အတွက် လက်ဆောင်အဖြစ် ဝယ်ခဲ့တာပါ။ ဒီ ထီလက်မှတ်က သူ့ကို ပေးဖူးသမျှ မွေးနေ့လက်ဆောင်မှာ အကောင်းဆုံး မွေးနေ့လက်ဆောင် ဖြစ်သွားတာပေါ့။”ဟု ယင်း အမျိုးသမီးက ပြောသည်။
၎င်းတို့ စုံတွဲ ပေါက်သော ထီဆုသည် အမေရိကန်ဒေါ်လာ ၃၄၇၈၆၂ ဒသမ ၃၄ ဒေါ်လာတန် ထီဆုဖြစ်သည်။
“ကျွန်မတို့ မိသားစုဟာ ကြမ်းတမ်းတဲ့ ကာလတွေကို ဖြတ်သန်းနေရတာ ဖြစ်တယ်။ အခုတော့ ဒုက္ခတွင်းက လွတ်မြောက်ခွင့်ရပါပြီ။”ဟု ၎င်းအမျိုးသမီးက ဆိုသည်။
“ကျွန်မတို့ အမှန်တကယ် ပျော်ရွှင်သုခ ခံစားရတော့မယ်။ ကျွန်မ အမျိုးသားရော ကျွန်မကပါ အငြိမ်းစားတွေ ဖြစ်တာမို့ ဒီ ကံထူးတဲ့ လက်ဆောင်နဲ့ ဘယ်လို ပျော်ရွှင်သွားနေသွားမလဲဆိုတာအတွက် အချိန်တွေ အများကြီး ရှိနေတယ်လေ။”ဟု ၎င်းက ပြောခဲ့သည်။