ပြည်ပပြန် ထိုင်းနိုင်ငံသားများအတွက် ရောဂါခြေချုပ် အခန်းပေါင်း ၉၀၀၀  ထပ်တိုး ထားရှိမည်

ပြည်ပပြန် ထိုင်းနိုင်ငံသားများအတွက် ရောဂါခြေချုပ် အခန်းပေါင်း ၉၀၀၀  ထပ်တိုး ထားရှိမည်

ဇွန် ၇

ပြည်ပမှ ပြန်လာနေကြသော ထိုင်းနိုင်ငံသားများအတွက် ရောဂါခြေချုပ်အဖြစ် အသုံးပြုရန် နောက်ထပ် အခန်းပေါင်း ၉၀၀၀ ထားရှိနိုင်ရေးအတွက် ထိုင်းအစိုးရက အရှိန်မြှင့် လုပ်ဆောင်နေသည်။

နေရပ်ပြန်ရေးအတွက် နိုင်ငံခြားရေးဝန်ကြီးဌာနတွင် မှတ်ပုံတင်လာသည့် ထိုင်းပြည်ရပ်ပြန်များ ပိုမိုများပြားလာသည်ကို ကြားရပြီးနောက် ကာကွယ်ရေးဝန်ကြီးဌာနနှင့် ပြည်သူ့ကျန်းမာရေးဝန်ကြီးဌာနသို့ သဘောတူညီချက်ဖြင့် ယခုကဲ့သို့ လုပ်ဆောင်ခြင်းဖြစ်သည်ဟု ကာကွယ်ရေးဝန်ကြီးဌာန ပြောခွင့်ရသူ ခွန်ချစ်က စနေနေ့တွင် ပြောသည်။

ပြည်ပမှ ပြန်လာသူများကို အစိုးရသည် ယခင်က တစ်နေ့ လူ ၄၀၀ ခွင့်ပြုပေးရာမှ လက်ရှိတွင် လူ ၅၀၀ အထိ ခွင့်ပြုပေးနေကြောင်း၊ ထို့အတွက် ဝန်ကြီးဌာနများအနေဖြင့် နောက်ထပ် ရောဂါခြေချုပ် အခန်းပေါင်း ၉၀၀၀ ထားရှိနိုင်ရေးအတွက် ဟိုတယ်များနှင့် ပူးပေါင်းဆောင်ရွက်နေကြောင်း ဒုတိယဗိုလ်ချုပ်ကြီး ခွန်ချစ်က ပြောသည်။

နိုင်ငံသို့ ပြန်လာသူအားလုံးသည် COVID-19 မရှိကြောင်း ကျိန်းသေသည့် ၁၄ ရက်ကာလအထိ နိုင်ငံ၏ ရောဂါခြေချုပ် ထားရှိမှုတွင် နေထိုင်ကြရမည်ဖြစ်ကြောင်း ၎င်းက ပြောသည်။

အဆိုပါ ရောဂါခြေချုပ် ကာလအတွင်း ဗိုင်းရပ်စ် ရှိမရှိ နှစ်ကြိမ် စစ်ဆေးမည်ဖြစ်သည်ဟုလည်း ၎င်းက ဆိုသည်။

ပထမ စမ်းသပ်မှုကို ရောက်ရှိပြီး ငါးရက်မြောက်တွင် လုပ်ဆောင်မှာ ဖြစ်ပြီး ၁၂ ရက်မြောက်တွင် ဒုတိယအကြိမ် စမ်းသပ်မည်ဖြစ်သည်။

သို့သော် COVID-19 ဖြစ်ပွားသည်ကို တွေ့ရှိပါက ကုသမှု ခံယူရန် ချက်ချင်းပင် အစိုးရဆေးရုံများသို့ ပို့မည် ဖြစ်သည်။

ပြည်ပမှ ပြန်လာသည့် ထိုင်းနိုင်ငံသားများသည် ဇွန် ၁ ရက်အထိ ၃၀၀၁၉ ဦး ရှိသည်ဟု COVID-19 အခြေအနေ စီမံခန့်ခွဲရေးစင်တာက ထုတ်ပြန်ထားသည်။

ပြီးခဲ့သည့်ရက်က နိုင်ငံအတွင်း ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူ နှစ်ဦးရှိပြီး သေဆုံးသူ မရှိခဲ့ဘဲ ထို ကူးစက်ခံရသူ နှစ်ဦးစလုံးမှာ ပြည်ပမှ ပြန်လာကြသူများဖြစ်သည်။

ယင်းကြောင့် ထိုင်းနိုင်ငံတွင် ဇန်နဝါရီလမှ စတင်ပြီး ကိုရိုနာဗိုင်းရပ်စ် ကူးစက်ဖြစ်ပွားသူ စုစုပေါင်း ဦးရေသည် ၃၁၀၄ ဦး ရှိကာ သေဆုံးသူ ၅၈ ဦး ရှိထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly