အမေရိကန်နိုင်ငံ အိမ်ဖြူတော်သွားလမ်းကို Black Lives Matter ဟု လမ်းပေါ်ရေး

အမေရိကန်နိုင်ငံ အိမ်ဖြူတော်သွားလမ်းကို Black Lives Matter ဟု လမ်းပေါ်ရေး

ဇွန် ၆

အမေရိကန်၌ ရဲထိန်းသိမ်းမှုခံရစဉ်အတွင်း ဂျော့ခ်ဖလွိုက်အတွက် ဆန္ဒပြမှုများဖြစ်ပွားရာနေရာတစ်နေရာဖြစ်တဲ့ အိမ်ဖြူတော်သွားရာလမ်းတစ်ခုကို  ဝါရှင်တန်ဒီစီမြို့တော်ဝန် Muriel Bowser  ၏ ညွှန်ကြားချက်အရ ‘Black Lives Matter’  (လူမည်းတွေရဲ့အသက်ဟာ တန်ဖိုးရှိတယ်)  ဟု အဓိပ္ပါယ်ရသည့် အဝါရောင်စာလုံးများဖြင့် လမ်းမပေါ်တွင် ရေးသားခဲ့ကြသည်။

Bowser က “ သူတို့ရဲ့အသံတွေကို ကြားစေချင် သိစေချင်တဲ့လူတွေရှိပါတယ်။ သူတို့ရဲ့ လူသားဖြစ်တည်မှုကို အသိအမှတ်ပြုခံချင်တဲ့လူတွေရှိပါတယ်။ ဒီဝါရှင်တန်ဒီစီမြို့ရဲ့ အရေးပါတဲ့လမ်းမပေါ်မှာ အဲဒီသတင်းစကားကို သိမြင်အောင်လုပ်ဖို့ ကျွန်မတို့မှာ အခွင့်အရေးရှိပါတယ်။ ဒီစကားလုံးဟာ အမေရိကန်ပြည်သူတွေအတွက်ပါ။ လူမည်းတွေရဲ့အသက်ဟာ တန်ဖိုးရှိပါတယ်။ လူမည်းတွေရဲ့ လူသားဖြစ်တည်မှုဟာ အရေးပါပါတယ်” ဟု ပြောခဲ့သည်။

အမေရိကန်သမ္မတဒေါ်နယ်ထရမ့်က Bowser ကို ဝါရှင်တန်ဒီစီကဲ့သို့ အရေးပါသောမြို့ကို အုပ်ချုပ်ရန် အရည်အချင်းမပြည့်မီကြောင်း ရှုတ်ချပြောဆိုခဲ့သည်။

သောကြာနေ့မနက်ပိုင်းက အိမ်ဖြူတော်နှင့် Lafayette ရင်ပြင်သို့သွားရာ ၁၆ လမ်း တွင် Black Lives Matter ဟု ရေးသားခဲ့ကြသည်။ Bowser က ၁၆ လမ်းက အဆိုပါလမ်းပိုင်းကို Black Lives Matter Plaza ဟု အမည်ပေးလိုက်ကြောင်း တွစ်တာတွင် ရေးသားခဲ့သည်။

ပြီးခဲ့သည့်တနင်္လာနေ့က အိမ်ဖြူတော်ရှေ့၌ ငြိမ်းချမ်းစွာဆန္ဒပြနေသူများကို အင်အားသုံးနှိမ်နင်းရန်  ရဲများနှင့် လုံခြုံရေးအစောင့်တပ်များကို ထရမ့်ကညွှန်ကြားခဲ့သည်။ Bowser က အစောင့်တပ်များကိုဖယ်ရှားရန်  အိုဟိုင်းယိုးနှင့် နယူးဂျာစီပြည်နယ်အုပ်ချုပ်ရေးမှူးများဆီ စာများပေးပို့ခဲ့သည်။  ဝါရှင်တန်တွင် ငြိမ်းချမ်းစွာဆန္ဒပြနေသည့်အတွက် လုံခြုံရေးတပ်များမလိုသောကြောင့်ဖယ်ရှားပေးရန်  ထရမ့်ဆီ စာရေးသားခဲ့သည်။

Bowser က ဝါရှင်တန်ဒီစီတွင် လုံခြုံရေးအင်အားအလွန်အကျွံချမှုကို ရုပ်သိမ်းပေးရန်နှင့် သူမအနေဖြင့် မြို့တော်အတွက် အရေးပေါ်အခြေအနေ အဆုံးသတ်ပြီးဖြစ်ကြောင်း၊ မြို့တော်ရဲများသည် ဗုဒ္ဓဟူးနေ့ညက ဖမ်းဆီးမှုများလည်းမလုပ်ခဲ့ကြောင်း ကြာသပတေးနေ့တွင် ထရမ့်ဆီ စာရေးသားခဲ့ပြီး ယခုကဲ့သို့ Black Lives Matter စာသားကို လမ်းမပေါ်တွင် ရေးဆွဲခိုင်းခဲ့ခြင်းဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly