ဗိုင်းရပ်စ်ကာလအတွင်း ပေးအပ်တဲ့ ထောက်ပံ့ကြေး ဒေါ်လာ ၁၂ဝ ကို နေမားအား မှားယွင်းပေးအပ်

ဗိုင်းရပ်စ်ကာလအတွင်း ပေးအပ်တဲ့ ထောက်ပံ့ကြေး ဒေါ်လာ ၁၂ဝ ကို နေမားအား မှားယွင်းပေးအပ်
Photo: AFP

ကိုရိုနာဗိုင်းရပ်စ်ကပ်ရောဂါကြောင့် ထိခိုက်မှုဒဏ်ခံစားရတဲ့ လုပ်ခနည်း ဘရာဇီးလ်အလုပ်သမားတွေအတွက် ရည်ရွယ်တဲ့ ထောက်ပံ့ကြေးငွေ အမေရိကန်ဒေါ်လာ ၁၂၀ ကို ကမ္ဘာ့တန်ဖိုးအကြီးဆုံးဘောလုံးသမား နေမာကို မှားယွင်းပြီး ပေးအပ်ခဲ့တယ်လို့ ကြာသပတေးနေ့က သတင်းတစ်ခုဖော်ပြထားပါတယ်။

ပီအက်စ်ဂျီကြယ်ပွင့်ကစားသမားရဲ့ အမည်၊ မွေးသက္ကရာဇ်နဲ့ ဘရာဇီးလ်နိုင်ငံသားမှတ်ပုံတင်နံပါတ်တွေကို ဖက်ဒရယ်အစိုးရက ပေးတဲ့ ထောက်ပံ့ကြေးငွေအတွက် မှတ်ပုံတင်ဖို့ အသုံးပြုခဲ့တယ်လို့ သတင်းဝက်ဘ်ဆိုက် UOL က ဖော်ပြခဲ့တာပါ။

ဗိုင်းရပ်စ်ထိန်းချုပ်နိုင်ရေးအတွက် အိမ်ထဲမှာပဲနေဖို့ အစီအစဉ်အရ ဝင်ငွေနည်းတဲ့ သန့်ရှင်းရေးသမားတွေ ဒါမှမဟုတ် အိမ်အကူတွေလို အလုပ်သမားတွေကို ဘရာဇီးလ်အစိုးရကနေ အရေးပေါ် ထောက်ပ့ံကြေးငွေ ထောက်ပံနေတာဖြစ်ပါတယ်။

ပီအက်စ်ဂျီအသင်းနဲ့ စာချုပ်ချုပ်အရ နေမာဟာ ဒီနှစ်မှာ ခန့်မှန်းဝင်ငွေ ဒေါ်လာ ၉၅.၅ သန်း ရရှိနေပြီး ဘောလုံးသမိုင်းမှာ ပြောင်းရွှေ့စျေးအမြင့်ဆုံးဘောလုံးသမားအဖြစ်လည်း မှတ်တမ်းဝင်ထားပါတယ်။

ဒါပေမယ့်လည်း UOL သတင်းအရ သူ့ရဲ့နာမည်နဲ့ လျှောက်လွှာကို "ကနဦး အတည်ပြုပြီး ငွေပေးအပ်မယ့် ရက် သတ်မှတ်ပြီးခါမှ လိုအပ်ချက်တွေ ပြည့်မီတာ မရှိတာကြောင့် ဆိုင်းငံ့ထားကာ ပြန်လည်စိစစ်အကဲဖြတ်ခဲ့တယ်လို့" ဆိုပါတယ်။

နေမာဟာ "အခုလို အကျိုးခံစားခွင့်မျိုးအတွက် ဘယ်တော့မှ လျှောက်ထားခြင်း မရှိဘဲ ဒါကို ဘယ်သူဘယ်ဝါ လုပ်ဆောင်သလဲဆိုတာလည်း မသိဘူး"လို့ ကစားသမားရဲ့ တာဝန်ရှိသူတစ်ဦးက ပြောတယ်လို့ UOL က ဖော်ပြထားပါတယ်။

ဘရာဇီးလ်နိုင်ငံဟာ ကိုရိုနာဗိုင်းရပ်စ်ကပ်ရောဂါကြောင့် အပြင်းထန်ဆုံး ထိခိုက်တဲ့ နိုင်ငံတွေထဲက တစ်နိုင်ငံဖြစ်ပါတယ်။ ကမ္ဘာပေါ်မှာ အမေရိကန်နဲ့ ဗြိတိန်နိုင်ငံတွေရဲ့နောက် သေဆုံးသူ ၃၄၀၀၀ ကျော်နဲ့ တတိယမြောက် သေဆုံးမှုအမြင့်ဆုံးဖြစ်ပါတယ်။

အသက် ၂၈ နှစ်အရွယ် နေမာဟာ လက်ရှိမှာ ရီယိုဒဂျနေးရိုအပြင်ဘက်က အပန်းဖြေမြို့ဖြစ်တဲ့ Mangaratiba က သူ့ရဲ့ ဇိမ်ခံအိမ်ကြီးမှာ ရှိနေပါတယ်။

Ref; AFP

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly