တစ်နှစ်သမီးလေး၏ ကင်ဆာရောဂါ ဒီဇိုင်နာကိုယ်ခံဆဲလ်ဖြင့် ကုသပျောက်ကင်း

တစ်နှစ်သမီးလေး၏ ကင်ဆာရောဂါ ဒီဇိုင်နာကိုယ်ခံဆဲလ်ဖြင့် ကုသပျောက်ကင်း

လန်ဒန်၊ နိုဝင်ဘာ ၆ ။             ။ ဗြိတိန်ရှိ တစ်နှစ်သမီးလေးတစ်ဦးသည် မျိုးဗီပြုပြင်ဖန်တီးထားသည့် ဒီဇိုင်နာကိုယ်ခံဆဲလ်ဖြင့် သူမ၏ကင်ဆာကို ကုသပျောက်ကင်းသည့် ပထမဆုံးလူတစ်ဦးဖြစ်လာ သည်ဟု ဆရာဝန်များက နိုဝင်ဘာ ၅တွင် ပြောကြားသည်။

လေလာရစ်ချစ်သည် သွေးကင်ဆာရောဂါခံစားနေရသည်။ သို့သော်လည်း သိပ္ပံပညာရှင်များက လန်ဒန်မြို့လယ်ရှိ GOSH ဆေးရုံတွင် ရောဂါကို တိုက်ဖျက်ရေးအတွက် ဆဲလ်များကို ထိန်းချုပ်ရန် မျိုးဗီဇပြုပြင်ဖန်တီးမှု နည်းပညာသစ်ကို အသုံးပြုပြီးနောက် ကုသပျောက်ကင်းသွားခဲ့သည်။

"ဒီလိုကုသမှုကို အသုံးပြုတာ ပထမဆုံးဖြစ်လို့ အလုပ်ဖြစ်မယ် မဖြစ်မယ် ကျွန်တော်တို့ မသိခဲ့ဘူး။ အလုပ်ဖြစ်သွားတော့ ကျွန်တော်တို့ အရမ်းကို ပျော်သွားပါတယ်"ဟု GOSHမှ ရိုးတွင်းချဉ်ဆီ အစားထိုးကုသမှု ဒါရိုက်တာနှင့် လေလာကို တာဝန်ယူကုသသူ ပါမောက္ခ ပေါလ်ဗေးက ပြောသည်။

"သူ့ရဲ့သွေးကင်ဆာရောဂါဟာ သိပ်ကို ဆိုးဝါးလို့ ဒီလိုမျိုး တုံ့ပြန်မှုတစ်ခုက ထူးဆန်းအံ့သြဘွယ်ပါ"ဟု ၎င်းကဆိုသည်။ လေလာသည် ၁၄ပတ်သမီးအရွယ်မှာပင် ပြင်းထန်သော သွေးကင်ဆာကို ခံစားခဲ့ရသည်။

သူမအား ဓါတ်ကင်ခြင်းနှင့် ရိုးတွင်းချဉ်ဆီအစားထိုးကုသမှုတို့ ပြုလုပ်ခဲ့သည်။ သို့သော်လည်း ကင်ဆာမှာပြန်ပြန်ပေါ်လာရာ နာကျင်မှုသက်သာသော ဆေးများဖြင့်သာ ဘဝအဆုံးသတ်မှု   စောင့်ရှောက်ရေးကို စဉ်းစားရန် ဆရာဝန်များက ၎င်း၏မိဘများကို ပြောကြားခဲ့သည်။

ထို့နောက်မိဘများက ဆေးရုံတွင် စမ်းသပ်မှုပြုလုပ်နေသော ဆေးဝါးများဖြင့် ကုသကြည့်ရန် ကမ်းလှမ်းခဲ့သည်။ ဆရာဝန်များသည် ကျန်းမာသော လှူဒါန်းသူတစ်ဦးထံမှ သွေးဖြူဆဲများ၊ တီဆဲလ်များကို ပြုပြင်ကာ ဆေးဝါးဒဏ်ခံနိုင်သော သွေးကင်ဆာကို တိုက်ဖျက်မည့် နည်းလမ်းကို ရှာခဲ့သည်။

"သူက ဖျားလည်းဖျားတယ်။ နာကျင်မှုတွေလည်း ခံစားရတယ်။ ဒါ့ကြောင့် ကျွန်တော်တို့ တစ်ခုခုလုပ်ခဲ့ရတယ်"ဟု အသက် ၃၀အရွယ်ဖခင်ဖြစ်သူ အက်ရှ်လေရစ်ချတ်က ပြောသည်။

"ကုသမှုက အလုပ်ဖြစ်မယ်မဖြစ်မယ် ဆရာဝန်တွေက အာမခံချက်မပေးဘူးလို့ ဆရာဝန်တွေက ရှင်းပြပါတယ်။ အလုပ်ဖြစ်ပါစေလို့ပဲ ကျွန်တော်တို့ဆုတောင်းခဲ့ရတယ်"ဟု ၎င်းကပြောသည်။

လေလာကို UCART19 ဆဲလ်ဟု ခေါ်ဆိုသော မျိုးဗီဇပြုပြင်ထားသော ဆဲလ်အနည်းငယ်ကို ထိုးသွင်းပေးခဲ့သည်။ သီတင်းပတ်အနည်းငယ်ကြာသောအခါ ကုသမှုအောင်မြင်ပြီဖြစ်ကြောင်း ဆရာဝန်ကြီးများက လေလာ၏ မိဘများကို ပြောကြားခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly