အမေရိကန် ခရီးသည်တင်လေယာဉ် ခရီးစဉ်အချို့ ပြန်လည်ပြေးဆွဲခွင့် တရုတ် ခွင့်ပြုမည်

အမေရိကန် ခရီးသည်တင်လေယာဉ် ခရီးစဉ်အချို့ ပြန်လည်ပြေးဆွဲခွင့် တရုတ် ခွင့်ပြုမည်

ဇွန် ၅

ကိုရိုနာဗိုင်းရပ်စ်ဆိုင်ရာ စိုးရိမ်ပူပန်မှုကြောင့် နိုင်ငံခြားလေကြောင်းလိုင်းများ နိုင်ငံတွင် ပြေးဆွဲပျံသန်းမှုအပေါ် ပိတ်ပင်ထားခြင်းကို ပြန်လည်ဖြေလျှော့ပြီး ခရီးစဉ်များကို အကန့်အသတ်ဖြင့် ပြန်လည် ပြေးဆွဲခွင့် ပြုသွားမည်ဟု တရုတ်က ဇွန်လ ၄ ရက်တွင် ထုတ်ပြန်သွားခဲ့သည်။

တရုတ်လေကြောင်းလိုင်းအားလုံး အမေရိကန်နိုင်ငံသို့ ၀င်ရောက်မှုကို ပိတ်ပင်မည်ဖြစ်ကြောင်း ၀ါရှင်တန်က ထုတ်ပြန်ခဲ့ပြီးနောက် တစ်ရက်အကြာမှာပင် အမေရိကန်လေကြောင်းလိုင်းများအပေါ် ပိတ်ပင်ထားချက်ကို တရုတ်က ပြန်လည် ဖြေလျှော့လာခြင်း ဖြစ်သည်။

တရုတ်၏ ကပ်ရောဂါ ကိုင်တွယ်ဆောင်ရွက်မှုနှင့်ပတ်သက်၍ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ဘက်က စွပ်စွဲပြောဆိုမှု၊ ဟောင်ကောင်နှင့် ဟွာဝေး အရေး ကိစ္စတို့အပါအ၀င် ကိစ္စရပ်များနှင့်ပတ်သက်၍ ကမ္ဘာ့ စူပါ ပါဝါနိုင်ငံကြီး နှစ်နိုင်ငံအကြား တင်းမာမှုများ မြင့်တက်နေချိန် ယခုကဲ့သို့ ပေကျင်းဘက်က သိသာထင်ရှားသည့် ခြေလှမ်းနောက်ဆုတ်ဖြေလျှော့မှုတစ်ခုကို လုပ်ဆောင်ခဲ့ခြင်းဖြစ်သည်။

မတ်လ ၁၂ ရက်မှစ၍ ပြည်ပလေကြောင်းလိုင်းများကို ယင်းတို့၏ ခရီးစဉ်ပြေးဆွဲမှုလုပ်ဆောင်ချက်အပေါ် အခြေခံပြီး ကန့်သတ်မှု ပြဋ္ဌာန်းရန် တရုတ်အရပ်ဘက် လေကြောင်းအာဏာပိုင်အဖွဲ့ (CAAC) က ဆုံးဖြတ်ခဲ့မှုတွင် ယခုနောက်ဆုံး အခြေအတင်ဖြစ်မှုက အမြစ်တွယ်နေခဲ့သည်။ အဘယ်ကြောင့် ဆိုသော် အမေရိကန် လေကြောင်းလိုင်းများသည် အဆိုပါ နေ့မှစ၍ လေယာဉ်ခရီးစဉ်များအားလုံးကို ရပ်ဆိုင်းထားခဲ့ပြီး တစ်ချိန်တည်းမှာပင် တရုတ်လေကြောင်းလိုင်းများသည် အမေရိကန်သို့ ဆက်လက် ပျံသန်းပြေးဆွဲနေခဲ့သည်။

ဇွန်လ ၁၆ ရက်မှစ၍ တရုတ် ခရီးသည်တင်လေယာဉ်ခရီးစဉ်များကို ပိတ်ပင်သွားတော့မည်ဟု အမေရိကန်က ဇွန်လ ၃ ရက်တွင် ပြောကြားခဲ့ရာ နှစ်နိုင်ငံအကြား တင်းမာမှုများ ထပ်မံမြင့်တက်သွားစေမည့်အပေါ် စိုးရိမ်ပူပန်မှုများကို မြင့်တက်စေခဲ့သည်။

သို့သော် မတ်လ ၁၂ ရက် အစီအစဉ်တွင် စာရင်းမပါသည့် ပြည်ပ လေကြောင်းလိုင်းအားလုံးအနေဖြင့် ယခုအချိန်မှစ၍ အပတ်စဉ်တိုင်း တရုတ်သို့ နိုင်ငံတကာ လေကြောင်းခရီးစဉ်တစ်ခု ပြေးဆွဲခွင့် ရရှိမည်ဖြစ်ကြောင်း CAAC က ဇွန်လ ၄ ရက်တွင် ကြေညာသွားခဲ့သည်။

တရုတ်သည် ဗိုင်းရပ်စ်ကို တမင် ဖြစ်စေခဲ့သည်ဟု ထရမ့်က စွပ်စွဲခဲ့ပြီးနောက်ပိုင်း ပြီးခဲ့သည့်လများအတွင်း ၀ါရှင်တန်နှင့် ပေကျင်းအကြား ဆက်ဆံရေး ပိုမို တင်းမာလာနေခဲ့ခြင်း ဖြစ်သည်။ ထို့ပြင် ဟောင်ကောင်တွင် တင်းကျပ်သည့် လုံခြုံရေး ဥပဒေတစ်ရပ် တရုတ်တို့ ပြဋ္ဌာန်းရန် စီစဉ်နေမှုကလည်း တင်မာမှုများကို ပိုမို အရှိန်မြင့်တက်စေခဲ့သည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly