တရုတ်၌ မူလတန်းကျောင်းတွင် လုံခြုံရေးအစောင့်က ဓားကိုင်တိုက်ခိုက်၍ ကလေးငယ် ၃၀ ကျော် ထိခိုက်ဒဏ်ရာရ

တရုတ်၌ မူလတန်းကျောင်းတွင် လုံခြုံရေးအစောင့်က ဓားကိုင်တိုက်ခိုက်၍ ကလေးငယ် ၃၀ ကျော် ထိခိုက်ဒဏ်ရာရ

ဇွန် ၄

တရုတ်နိုင်ငံ တောင်ပိုင်းက မူလတန်းကျောင်းတစ်ကျောင်းတွင် ဓားကိုင်တိုက်ခိုက်မှုဖြစ်၍ ကျောင်းသားကျောင်းသူ ကလေးငယ် ၃၇ ဦးနှင့် ကျောင်းဝန်ထမ်း နှစ်ဦး ထိခိုက်ဒဏ်ရာ ရသည်။

ကွမ်ရှီကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဝူကျို့မြို့က ဗဟိုမူလတန်းကျောင်းတွင် နံနက် ရှစ်နာရီခွဲခန့်က တိုက်ခိုက်မှု ဖြစ်ပွားခြင်း ဖြစ်သည်။

တိုက်ခိုက်သူသည် ကျောင်းက လုံခြုံရေးအစောင့်ဖြစ်သည့် အသက် ၅၀ အရွယ်ရှိ လီရှောက်မင်ဆိုသူဖြစ်ပြီး ၎င်းကို ရဲက ဖမ်းဆီးထိန်းသိမ်းထားပြီ ဖြစ်သည်။

ဒဏ်ရာရသူ ကလေးငယ်များနှင့် ဝန်ထမ်းများကို ပြုစုကုသရန် ဆေးရုံသို့ အလျင်အမြန် ပို့ဆောင်ခဲ့ကြောင်း ဌာနေအစိုးရ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ ယင်း တိုက်ခိုက်မှုအတွင်း အသက်အန္တရာယ် စိုးရိမ်ရသူ တစ်ဦးတစ်ယောက်မျှ မရှိကြောင်း သိရသည်။

တိုက်ခိုက်မှု၌ ထိခိုက်ဒဏ်ရာရသူများတွင် အရွယ်ရောက်ပြီးသူအဖြစ် ကျောင်းအုပ်ကြီးနှင့် အခြား လုံခြုံရေးအစောင့်တစ်ဦးတို့ဖြစ်ပြီး ၎င်းတို့ကို ဆေးရုံတင်ပို့ထားရကာ  စိုးရိမ်ရသည့် အခြေအနေတွင် ရှိနေသည်။

ဒဏ်ရာရ ကျောင်းသားကလေးငယ် ၃၇ ဦးတွင် တစ်ဦးကသာ စိုးရိမ်ရသည့် အနေအထားတွင် ရှိသည်။

ပတ်တီးများ စည်းထားသော ကလေးငယ်များ ကျောင်းမှ ထွက်လာသည့် ဗီဒီယိုများကို လူမှုမီဒီယာတွင် မြင်တွေ့ရသည်။

အခြား ကျောင်းသားကလေးငယ်များကိုလည်း ကျန်းမာရေးစင်တာတစ်ခုသို့ ခေါ်ဆောင်သွားသည်ကို ဘေးတွင် လူအုပ်ကြီးက စိုးရိမ်တကြီး စောင့်ကြည့်နေကြသည်။

နဖူးက ဒဏ်ရာကို လက်ဖြင့်အုပ်ထားကာ မျက်နှာတွင် သွေးများ စီးကျနေသူတစ်ဦးကိုလည်း မြင်တွေ့ရသည်။

သံသယရှိ တိုက်ခိုက်သူကို လက်ထိပ်ခတ်လျက်သားနှင့် ရဲနှစ်ဦးက စောင့်ကြပ်ခေါ်ဆောင်သွားသည့် ဓာတ်ပုံတစ်ပုံလည်း လူမှုမီဒီယာတွင် တွေ့မြင်ရသည်။

အခင်းဖြစ်ရပ်ကို စုံစမ်းစစ်ဆေးလျက် ရှိသည်ဟု တာဝန်ရှိသူများက ပြောသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly