ဂျော့ချ်ဖလွိုက်တွင် ကိုရိုနာဗိုင်းရပ်စ် ရှိနေဟု အလောင်းခွဲစိတ်စစ်ဆေးမှု အစီရင်ခံစာတွင် ဖော်ပြ

ဂျော့ချ်ဖလွိုက်တွင် ကိုရိုနာဗိုင်းရပ်စ် ရှိနေဟု အလောင်းခွဲစိတ်စစ်ဆေးမှု အစီရင်ခံစာတွင် ဖော်ပြ

ဇွန် ၄

အမေရိကန်ပြည်ထောင်စု မင်နီယာပိုလစ်မြို့၌ မေလ ၂၅ ရက်က ရဲလက်ချက်ဖြင့် သေဆုံးခဲ့သည့် အသက် ၄၆ နှစ်အရွယ် လူမည်းအမျိုးသား ဂျော့ချ်ဖလွိုက်တွင် ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံခဲ့ရသည်ကို စစ်ဆေးတွေ့ရှိခဲ့ကြောင်း ၎င်း၏ အလောင်းကိုခွဲစိတ်စစ်ဆေးသည့် နောက်ဆုံး အစီရင်ခံစာတစ်ရပ်တွင် ဖော်ပြထားသည်။

သို့သော် ဖလွိုက်သည် ရဲများ၏ ကြမ်းတမ်းရက်စက်စွာ ဖမ်းဆီးချုပ်နှောင်ခြင်းကို ခံရပြီး ရုတ်တရက် နှလုံးရပ်ကာ သေဆုံးခဲ့ခြင်း ဖြစ်သည်ဟု အဆိုပါ အစီရင်ခံစာတွင် ဖော်ပြသည်။

Hennepin ကောင်တီ ဆေးဘက်ဆိုင်ရာ စစ်ဆေးမှုရုံးက ယင်း၏ တရားဝင် တွေ့ရှိချက်များကို ဇွန်လ ၃ ရက်တွင် ထုတ်ပြန်ခဲ့ရာ ယင်းထုတ်ပြန်ချက်အရ ဖလွိုက်သည် ဧပြီလ ၃ ရက်တွင် ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံခဲ့ရသည်ကို တွေ့ရှိခဲ့သည်ဟု ဖော်ပြထားခဲ့သည်။

ဗိုင်းရပ်စ်ပိုးတွေ့ရှိသည့် ရလဒ်က ယခင် ကူးစက်ခံရမှုတစ်ခုကနေ ထွက်ပေါ်နိုင်ခဲ့ဖွယ် ရှိပြီး ကလေးနှစ်ယောက်ဖခင် ဖလွိုက်သည် သေဆုံးချိန်တွင် COVID-19 ရောဂါလက္ခဏာမပြခဲ့ဟု ယုံကြည်ရကြောင်း အစီရင်ခံစာက မှတ်ချက်ပြုထားသည်။

“သေဆုံးသူဟာ ၂၀၂၀ လေးလပိုင်း သုံးရက်နေ့မှာ ကိုရိုနာဗိုင်းရပ်စ်ပိုး ကူးစက်ခံထားရတာကို တွေ့ရှိခဲ့ရပါတယ်၊ ရောဂါစတင် ကူးစက်ဖြစ်ပေါ်ပြီးတဲ့နောက် ဒီဗိုင်းရပ်စ်က ခန္ဓာကိုယ်ထဲမှာ သီတင်းပတ်တွေအကြာကြီး ဆက်ရှိနေနိုင်ပါတယ်၊ သူဟာ သေဆုံးချိန်မှာ ရောဂါလက္ခဏာရပ်တွေ မပြတာ ဖြစ်ခဲ့ပေမယ့် သူ့မှာ ဒီဗိုင်းရပ်စ် ကူးစက်ခံခဲ့ရတယ်ဆိုတာကိုတော့ တွေ့ရှိခဲ့ရပါတယ်” ဟု အစီရင်ခံစာက ဖော်ပြထားသည်။

ထို့ပြင် ဖလွိုက် သေဆုံးရခြင်းသည် COVID-19 နှင့် တစ်နည်းနည်းဖြင့် သက်ဆိုင်သည်ဆိုပြီး အဆိုပါ အစီရင်ခံစာတွင် သုံးသပ်ဖော်ပြခြင်း မရှိပေ။

ယင်းအစား ဖလွိုက် သေဆုံးခဲ့သည့် ပုံစံသည် အသတ်ခံရခြင်း ဖြစ်ကြောင်း ကောက်ချက်ချခဲ့ရာ ယင်းက ယခုအပတ်အစောပိုင်းအတွင်း ဖလွိုက်၏ မိသားစုဝင်များ ညွန်ကြားမှုအရ လုပ်ခဲ့သည့် တစ်သီးပုဂ္ဂလ အလောင်းခွဲစိတ်စစ်ဆေးမှုပါ သုံးသပ်ချက်နှင့် ကိုက်ညီနေသည်။ သို့သော် အဓိကကျသည့် မတူကွဲလွဲမှုများလည်း ရှိနေသည်။

ယခု အစီရင်ခံစာ၏ ဖော်ပြချက်အရ မင်နီယာပိုလစ် ရဲဝန်ထမ်းဟောင်း ဒီရက်ခ် ချော်ဗင်က ဖလွိုက်၏ လည်ပင်းကို ဒူးဖြင့် ရှစ်မိနစ်ကျော် ဖိထောက်ထားခဲ့ပြီးနောက် ဖလွိုက်သည် ရုတ်တရက် နှလုံးရပ်တန့်သွားခဲ့သည်ဟု ဆိုသည်။

ထို့ပြင် ၎င်းတွင် နှလုံးရောဂါ ရာဇဝင်တစ်ခု ရှိခဲ့ပြီး ၎င်း၏ ခန္ဓာကိုယ်တွင်းတွင် fentanyl နှင့် metamphetamine တို့လည်း ရှိခဲ့သည်ဟု ယင်းအစီရင်ခံစာတွင် မှတ်ချက်ပြုထားသည်။

ဖလွိုက်၏ အဆုတ်များသည် ကောင်းမွန်နေခဲ့ပုံ ရသော်ငြား နှလုံးရှိ သွေးလွှတ်ကြောတချို့ ကျဉ်းနေခဲ့သည်ကို တွေ့ရှိခဲ့သည်ဟု သိရသည်။

ထို့ပြင် ပြင်းထန်သော အသက်ရှုရ ခက်ခဲခဲ့မှုတွင် fentanyl ၏ အဆိပ်အာနိသင် လက္ခဏာရပ်များကို ထည့်သွင်းနိုင်ကြောင်း ယင်းအစီရင်ခံစာတွင် မှတ်ချက်ပြုထားသည်။

ဖလွိုက်၏ မိသားစုဝင်များ စေခိုင်း၍ လုပ်ခဲ့သော အလောင်းခွဲစိတ်စစ်ဆေးမှုက သုံးသပ်ထားရာတွင် ၎င်းသည် လည်ပင်းနှင့် နောက်ကျော ဖိနှိပ်ခံခဲ့ရ၍ အသက်ရှုမဝဖြစ်ကာ သေဆုံးခဲ့ခြင်း ဖြစ်ကြောင်း ကောက်ချက်ချခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly