မြိတ်၊ ဇွန် (၄)
တနင်္သာရီတိုင်းဒေသကြီး၊မြိတ်မြို့ရှိ မြိတ်လေတပ်စခန်းဌာနချုပ်အတွင်း၌ မိုးကြိုးထိမှန်ခံရမှုကြောင့် တပ်မိသားစုဝင် ငါး ဦးသေဆုံးခဲ့ပြီး ခုနှစ်ဦး ထိခိုက်ဒဏ်ရာများ ရရှိခဲ့ကြောင်း တပ်မိသားစုဝင်များထံမှ သိရသည်။
ယင်းသေဆုံး၊ထိခိုက်ဒဏ်ရာရရှိသူများသည် ဇွန်လ ၃ ရက်နေ့ ညနေပိုင်းက မြိတ်လေတပ်စခန်းဌာနချုပ်အတွင်း ကျင်းပပြုလုပ်သည့် ဘောလုံးပွဲအား ကြည့်ရှု့နေစဉ် မိုးကြိုးထိမှန်ခံရခြင်းဖြစ်သည်။
ဓာတ်ပုံ - ဒီမိုးသွေး (မြိတ်)
“သဘာဝဘေးအန္တရာယ်ကြောင့် မိုးကြိုးထိမှန်တာက အရပ်သားတွေ မဟုတ်ပါဘူး။လေတပ်စခန်းထဲက တပ်မိသားစုဝင်တွေ ဖြစ်ပါတယ်။ ကျွန်မတို့ ထောက်ပံ့မှုတွေ သွားပေးနေပြီဖြစ်တယ်” ဟု သဘာဝဘေး အန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဦးစီးဌာနမှ ခရိုင်လက်ထောက် ညွှန်ကြားရေးမှူးဒေါ်တင်တင်ချိုက ပြောသည်။
ဓာတ်ပုံ - ဒီမိုးသွေး (မြိတ်)
အဆိုပါ မိုးကြိုးထိမှန်ခံရမှုကြောင့် သေဆုံးခဲ့သည့် ငါးဦးမှ တစ်ဦးလျှင် ၃ သိန်းနှုန်းဖြင့် စုစုပေါင်း ၁၅ သိန်းကျပ်ကို မိသားစုဝင်များထံပေးအပ်ထောက်ပံ့ခဲ့ပြီး ထိခိုက်ဒဏ်ရာရရှိသူ ခုနှစ်ဦးကို တစ်ဦးလျှင် ဆေးကုသစရိတ် ၅၀၀၀၀ကျပ်အား မြိတ်ခရိုင်ဘေးစီမံမှ သွားရောက်ထောက်ပံ့ခဲ့သည်။
လက်ရှိတွင် ထိခိုက်ဒဏ်ရာရရှိခဲ့သူ ခုနှစ် ဦးသည် မြိတ်မြို့ရှိ အမှတ် (၅) တပ်မတော်ဆေးရုံ (ခုတင်.၁၀၀) တွင် တက်ရောက် ဆေးကုသခံယူ နေရကြောင်း တပ်မိသားစုဝင်များထံမှ သိရသည်။