ပါပူအာဒေသ၌ အင်တာနက်လိုင်း ဖြတ်တောက်ခဲ့မှုအတွက် သမ္မတကိုယ်တိုင် တောင်းပန်ရန် အင်ဒိုနီးရှား တရားရုံး ညွှန်ကြား

ပါပူအာဒေသ၌ အင်တာနက်လိုင်း ဖြတ်တောက်ခဲ့မှုအတွက် သမ္မတကိုယ်တိုင် တောင်းပန်ရန် အင်ဒိုနီးရှား တရားရုံး ညွှန်ကြား

ဇွန် ၄

ယမန်နှစ်က မငြိမ်မသက်မှုများ ဖြစ်ခဲ့သည့် ပါပူအာဒေသတွင် အင်တာနက်လိုင်းမြန်နှုန်းကို လျှော့ချဖြတ်တောက်ကာ ထိန်းချုပ်ဟန့်တားမှုများ လုပ်ဆောင်ခဲ့သော အစိုးရ၏ ဆုံးဖြတ်ချက်သည် ဥပဒေနှင့် မညီညွတ်ကြောင်း အင်ဒိုနီးရှား တရားရုံးတစ်ခုက ဇွန်လ ၃ ရက်တွင် ဆုံးဖြတ်ခဲ့သည်။ ထို့ပြင် အဆိုပါ ကိစ္စအတွက် တရားဝင် တောင်းပန်စာ ထုတ်ပြန်သွားရန် သမ္မတ ဂျိုကို ဝီဒိုဒိုကိုလည်း တရားရုံးက ညွန်ကြားခဲ့သည်။

ဂျာဗားကျွန်းရှိ ဆူရာဘာယာမြို့နေ ပူပါအာ ကျောင်းသား၊ကျောင်းသူများ လူမျိုးရေးခွဲခြားသည့် အသုံးအနှုန်းများဖြင့် ထိကပါးရိကပါး ပြောဆိုခံခဲ့ရပြီးနောက် ယမန်နှစ် သြဂုတ်လက ပါပူအာဒေသရှိ မြို့များတွင် ဆန္ဒပြမှုများ ပေါ်ပေါက်ခဲ့သည်။

မငြိမ်မသက်မှုများသည် ပါပူအာနှင့် အနောက်ပါပူအာ ဒေသများအထိ ပျံ့နှံ့ခဲ့ပြီးနောက် အကြမ်းဖက်မှုများ ဖြစ်စေနိုင်သည့် သွေးထိုးလှုံ့ဆော်မှုများကို တားဆီးနိုင်ရေးအတွက် အင်တာနက်လိုင်းအမြန်နှုန်းကို လျှော့ချဖြတ်တောက်ကာ ထိန်းချုပ်ဟန့်တားခဲ့ရကြောင်း အင်ဒိုနီးရှားအစိုးရက ပြောခဲ့သည်။

ဂျကာတာ စီမံခန့်ခွဲရေး တရားရုံးက ဇွန်လ ၃ ရက်တွင် အမိန့်ချမှတ်ရာတွင် သမ္မတ ဂျိုကို ဝီဒိုဒို အပါအဝင် ဗဟိုအစိုးရအနေဖြင့် အင်ဒိုနီးရှားပြည်သူများနှင့် မီဒီယာအဖွဲ့အစည်းများအတွက် အင်တာနက်လိုင်း ဖြတ်တောက်ခြင်း သို့မဟုတ် နှေးကွေးစေခြင်းတို့ လုပ်ခဲ့သည့်အတွက် တရားဝင် တောင်းပန်သွားရမည်ဖြစ်ကြောင်း တရားရုံးက ညွန်ကြားခဲ့သည်။

ယခု တရားစွဲဆိုမှုကို အင်ဒိုနီးရှားနိုင်ငံ၏ လွတ်လပ်သော ဂျာနယ်လစ်များ မဟာမိတ်အဖွဲ့ (AJI) နှင့် အရှေ့တောင်အာရှ လွတ်လပ်စွာထုတ်ဖော်မှု ကွန်ရက် (SAFEnet) တို့က စွဲဆိုခဲ့ခြင်း ဖြစ်သည်။

“အစိုးရဘက်ကတော့ ဒါမျိုး နောက်တစ်ကြိမ် ထပ်မလုပ်တော့ဘူးလို့တော့ အာမခံချက် မရှိသေးပါဘူး၊ ဒါပေမယ့် ခုလို တရားရုံးဆုံးဖြတ်ချက်ကြောင့် သူတို့ လုပ်ခဲ့တာ မမှန်ကန်ဘူးဆိုတာကို သက်သေပြနိုင်ခဲ့ပါတယ်” ဟု တရားလိုရှေ့နေတစ်ဦးဖြစ်သည့် အက်ဒီ ဝါယူဒင်က ပြောသွားခဲ့သည်။

အစိုးရအနေဖြင့် ယခု တရားရုံး ဆုံးဖြတ်ချက်နှင့်ပတ်သက်၍ အယူခံဝင်သွားမည်လား၊ မဝင်ဘူးလား ဆိုသည်ကို ၁၄ ရက်အတွင်း ဆုံးဖြတ်သွားနိုင်မည်ဖြစ်ကြောင်း ၎င်းက ပြောသည်။

ယခုကိစ္စနှင့်ပတ်သက်၍ အင်ဒိုနီးရှားသမ္မတရုံး ပြောရေးဆိုခွင့်ရှိသူက သဘောထား မှတ်ချက်ပေးသွားခြင်း မရှိပေ။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly