စားနပ်ရိက္ခာတင်ပို့မှုရင်းမြစ်ဖြစ်လာသည့် ထိုင်းနိုင်ငံ

စားနပ်ရိက္ခာတင်ပို့မှုရင်းမြစ်ဖြစ်လာသည့် ထိုင်းနိုင်ငံ

ဇွန် ၃

ထိုင်းနိုင်ငံသည် ကိုဗစ်-၁၉ ကြောင့် ကုန်ပစ္စည်းများထုတ်လုပ်ခြင်းနှင့် တင်ပို့ခြင်းတွင် ထိခိုက်မှုများရှိနေစဉ်၌ ဆန်၊ ပင်လယ်စာ၊ သစ်သီးနှင့် တခြားစားသောက်ကုန်များ ဝယ်လိုအားမြင့်တက်လာ၍ စားနပ်ရိက္ခာထုတ်လုပ်သူ စီးပွားရေးအရင်းအမြစ်အဖြစ်သို့ ပြန်လည် ဦးလှည့်လျက်ရှိသည်။

စုစုပေါင်းပို့ကုန် ၃.၃ % ကျဆင်းသွားသည့် ဧပြီလတွင် စားနပ်ရိက္ခာနှင့်စိုက်ပျိုးရေးဆိုင်ရာပို့ကုန် တင်ပို့မှု အချိုးအစားသည် ၁၉.၇ % မြင့်တက်ခဲ့ပြီး ရှစ်နှစ်အတွင်းတွင် အများဆုံးဖြစ်ခဲ့ကြောင်း ကုန်သွယ်ရေးဝန်ကြီးဌာန ကုန်သွယ်ရေးမူဝါဒနှင့်မဟာဗျူဟာရုံး ညွှန်ကြားရေးမှူးချုပ် Ms. Pimchanok Vonkorpon က ပြောသည်။

လတ်ဆတ်ပြီးအေးခဲထားသော အစားအသောက်များ၊ သီးနှံများနှင့် တခြား စိုက်ပျိုးရေးထွက်ကုန်များသည် ယေဘုယျအားဖြင့် ပြီးခဲ့သည့်နှစ်များအတွင်းတွင် ပြည်ပရောင်းချမှု ၁၅ % -၁၆ % အထိ ရှိသည်ဟု Ms.  Pimchanok က ပြောသည်။

“ထိုင်းနိုင်ငံကုန်တင်ပို့မှုက ပုံမှန်အသစ်တစ်ခုဖြစ်လာနိုင်ပါတယ်။  အစားအသောက်နဲ့ စိုက်ပျိုးရေးပို့ကုန်တွေက ဒီနှစ်စုစုပေါင်းပို့ကုန်ရဲ့  ၂၀%  ကျော် ရှိခဲ့ပါတယ်။ အချိန်အတော်ကြာတဲ့အထိ ဒီနှုန်းအတိုင်း ရှိနေနိုင်ပါတယ်။ ဒီအချိုးအစားက စက်မှုပို့ကုန်တင်ပို့မှုကျဆင်းတာကို မကာမိပေမယ့် လယ်ယာနဲ့အစားအသောက်ကဏ္ဍမှာ ရှည်လျားတဲ့ ထောက်ပံ့ရေးကွင်းဆက်ကြောင့် လူသန်းပေါင်းများစွာကို အထောက်အပံ့ဖြစ်စေပါတယ်” ဟု Ms. Pimchanok က ပြောသည်။

ထိုင်းနိုင်ငံသည် ဆန်၊ ပီလောပီနံ၊ သကြားနှင့် နာနတ်သီး စသည့် စားသောက်ကုန်ပစ္စည်းများကို နှစ်ရှည်လများ အဓိက တင်ပို့ခဲ့သောနိုင်ငံဖြစ်သည်။ တချို့ကုမ္ပဏီများသည် အသင့်စားအစားအစာများ၊ အစားအသောက် ပြုပြင်ထုတ်လုပ်ခြင်းနှင့် အရည်အသွေးထိန်းချုပ်မှုများတွင်  ကမ္ဘာ့ထိပ်တန်းဖြစ်လာခဲ့သည်။

နိုင်ငံ့စီးပွားရေးသည် ဆယ်စုနှစ် နှစ်ခုကျော်အတွင်း အဆိုးရွားဆုံးရင်ဆိုင်နေရချိန်တွင် ထိုတန်ဖိုးမြှင့်နည်းပညာများသည်  ယခုနှစ်တွင် တောင်သူများနှင့် စားသောက်ကုန်ထုတ်လုပ်သူ သန်းပေါင်းများစွာကို မျှော်လင့်ချက် များပေးခဲ့သည်။ ကိုဗစ်-၁၉ ရောဂါတိုက်ဖျက်ရန်အတွက် နိုင်ငံအဝင်အထွက်များကို ပိတ်ထားသောကြောင့် ဧပြီလတွင် နိုင်ငံခြားသားခရီးသည်ဆိုင်ရာဝင်ငွေများမရရှိခဲ့ကြောင်း တရားဝင်ကိန်းဂဏန်းများအရ သိရသည်။

ထိုင်းနိုင်ငံ၏အကြီးဆုံး စိုက်ပျိုးရေးစက်မှုလုပ်ငန်းများထဲမှ Charoen Pokphan Foods Plc သည်  ဇန်နဝါရီမှ မတ်လအတွင်း  ပြည်ပမှ ဝင်ငွေ ဘတ်ပေါင်း ၁၃၈ ဘီလီယံ၏ ၇၃ %  ကို ရရှိခဲ့သည်။ ၎င်းတို့၏ ‘ကမ္ဘာ့မီးဖိုချောင်’ ဟူသောဆောင်ပုဒ်သည် မွေးမြူရေးမှ အစားသောက်ထုတ်လုပ်ခြင်းနှင့် အေးခဲအသားတင်ပို့မှုမှ ပြင်ဆင်ပြီးအစားအစာ အထိ ထုတ်လုပ်မှုအမျိုးမျိုးကို မီးမောင်းထိုးပြခဲ့သည်။

Chicken of the Sea နှင့် John West စသည့် ပင်လယ်စာအမှတ်တံဆိပ်များကိုပိုင်ဆိုင်သော Union Group Plc သည်လည်း စားနပ်ရိက္ခာတင်ပို့သော ဦးဆောင်ကုမ္ပဏီတစ်ခုဖြစ်သည်။

အဓိကသော့ချက်များမှာ -

အမေရိကန်-တရုတ် ကုန်သွယ်ရေးပဋိပက္ခမှ အစပြုခဲ့သော ထောက်ပံ့ရေးကွင်းဆက် ညှိနှိုင်းမှုများအကြား ယခုနှစ်နှောင်းပိုင်းတွင် အီလက်ထရောနစ်တင်ပို့မှု မြင့်တက်လာဖွယ်ရှိပြီး အိမ်မှအလုပ်, လုပ်သည့် နည်းစနစ်သည် ဝယ်လိုအားလည်းမြင့်တက်လာနိုင်ကြောင်း ၊

ပိတ်ဆို့မှုများဖယ်ရှားလိုက်ခြင်းသည် ထောက်ပံ့ပို့ဆောင်ရေးကို လွယ်ကူချောမွေ့စေပြီး လူများသည် ရထားထက် ကားများကို ပိုမိုအသုံးပြုလာသောကြောင့် ကားဖြင့် ပို့ကုန်တင်ပို့မှုများ တိုးတက်လာနိုင်ကြောင်း၊

စီးပွားရေးအားပျော့လာခြင်းနှင့် အတိုးနှုန်း လျော့နည်းလာခြင်းတို့ကြောင့် ထိုင်းဘတ်ငွေတန်ဖိုးသည်  ခိုင်မာဟန်မရှိကြောင်း၊

ယခုနှစ်တွင် တင်ပို့မှု ကျဆင်းနေနိုင်သော်လည်း သိသိသာမဟုတ်ကြောင်း၊

ရေနံဈေးနှုန်းမြင့်တက်လာခြင်းက ဆီနှင့်ပတ်သက်သော ထုတ်ကုန်များတန်ဖိုးမြင့်လာပြီး စုစုပေါင်း ပို့ကုန်၏ ၁၁.၅ % ရှိနိုင်ကြောင်း၊

စားသုံးသူဈေးနှုန်းအညွှန်းကိန်း (CPI) မှာ သုံးလဆက်တိုက် ကျဆင်းခဲ့ပါက ထိုင်းနိုင်ငံသည် မေလတွင် နည်းပညာဆိုင်ရာ ချွတ်ယွင်းမှု စတင်ဖြစ်နိုင်ကြောင်းနှင့်

ဝယ်လိုအားနည်းမှုနှင့်အတူ ထုတ်ကုန်တန်ဖိုးအများစုသည်  အပြောင်းအလဲအနည်းငယ်မျှသာ ရှိသော်လည်း စားသုံးသူဈေးနှုန်းအညွှန်းကိန်း (CPI) သည် စွမ်းအင်ဈေးနှုန်းများကြောင့် ကျဆင်းသွားကြောင်း Ms. Pimchanok က သုံးသပ်ပြသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly