ဂျော့ချ်ဖလွိုက်၏ညီက ငြိမ်းချမ်းစွာဆန္ဒဖော်ထုတ်ရန် တိုက်တွန်း

ဂျော့ချ်ဖလွိုက်၏ညီက ငြိမ်းချမ်းစွာဆန္ဒဖော်ထုတ်ရန် တိုက်တွန်း

ဇွန် ၂

အမေရိကန်ပြည်ထောင်စု မင်နီယာပိုလစ်မြို့၌ ရဲထိန်းသိမ်းခံရစဉ်သေဆုံးသွားသည့် လူမည်း ဂျော့ချ်ဖလွိုက်၏ ညီဖြစ်သူ တဲရန့်စ်ဖလွိုက် က ၎င်း၏အစ်ကိုသေဆုံးခဲ့သည့်နေရာသို့ရောက်ရှိလာခဲ့ကာ ဆူပူအကြမ်းဖက်ခြင်းဖြင့် သူ့အစ်ကို အသက်ပြန်ရှင်လာမှာ မဟုတ်ကြောင်းပြောဆိုခဲ့ပြီး  အေးအေးချမ်းချမ်းဆန္ဒဖော်ထုတ်ကြရန် တနင်္လာနေ့က တိုက်တွန်းပြောဆိုခဲ့သည်။

ဂျော့ချ်ဖလွိုက်၏ဓာတ်ပုံပါသည့် နှာခေါင်းစည်းတင်ဆင်ထားသော တဲရန့်စ်သည် သူ့အစ်ကိုသေဆုံးသည့်နေရာတွင် ပန်းစည်းများချကာ ငိုကြွေးနေခဲ့ပြီး လူများက ဝိုင်းဝန်းနှစ်သိမ့်ပေးခဲ့ကြသည်။

“ ရဲတွေရဲ့ အကြမ်းဖက်နှိပ်စက်တာခံရတိုင်းမှာ အလားတူပြဿနာတွေဖြစ်ကြတယ်။ ဆန္ဒပြကြတယ်။ ပစ္စည်းတွေကို ဖျက်ဆီးကြတယ်။ တခြားနည်းကို ပြောင်းကြပါစို့။ ကျွန်တော့်အစ်ကိုက ဟူစတန်ကနေ ဒီကို ပြောင်းလာတာပါ။ သူက ဒီမြို့ကိုချစ်ပါတယ်။ ခင်ဗျားတို့ ဒီလိုမျိုး လုပ်နေတာကိုလည်း သူလိုချင်မှာ မဟုတ်ပါဘူး” ဟု တဲရန့်စ်က လူအုပ်ကြီးကို မေတ္တာရပ်ခံခဲ့သည်။

တဲရန့်စ်က သူ့အစ်ကိုသတ်သည့်ရဲနှင့် တခြားရဲသုံးယောက်ကို တာဝန်ရှိသူများက အလုပ်သာဖြုတ်ခဲ့ပြီးစွဲချက်မတင်သည်ကို သူ့အနေဖြင့် နားမလည်ကြောင်း လူအုပ်ကြီးကို ပြောကြားခဲ့သည်။

ဂျော့ချ်ဖလွိုက်သည် မသေဆုံးမီက တခြား အမေရိကန်သန်းပေါင်းများစွာကဲ့သို့ပင် ကပ်ရောဂါကြောင့် အလုပ်လက်မဲ့ဖြစ်နေခဲ့ပြီး အလုပ်သစ်ရှာဖွေနေခဲ့သည်။ ဂျော့ချ်ဖလွိုက်နှင့် သူငယ်ချင်းတချို့သည်  အလုပ်ရှာပြီး ဘဝသစ်စရန်အတွက် ၂၀၁၄ ဝန်းကျင်က ဟူစတန်ကနေ မင်နီယာပိုလစ်မြို့သို့ ပြောင်းလာခဲ့သည်ဟု နှစ်ရှည်လများတွဲလာသည့်သူငယ်ချင်း ခရစ္စတိုဖာဟာရစ်က ပြောသည်။ မင်နီဆိုးတာပြည်နယ်တွင် လော့ဒေါင်းများချမှတ်လိုက်သောကြောင့် စားသောက်ဆိုင်များပိတ်သွားသဖြင့်အလုပ်လက်မဲ့ဖြစ်ခဲ့ရသည်။

ဆူပူအုံကြွမှုများ တည်ငြိမ်သွားစေရန်အတွက် နယူးယောက်မှ အရပ်သားအခွင့်အရေးလှုပ်ရှားမှုခေါင်းဆောင် Rev.Kevin McCall က အသင်းဝင်များနှင့် တဲရန့်စ်တို့ကို ဂျော့ချ်ဖလွိုက်သေဆုံးသည့်နေရာသို့ ခေါ်ဆောင်လာခဲ့ပြီး အေးအေးဆေးဆေးနေကြရန် တိုက်တွန်းပြောဆိုခဲ့ကြသည်။

တဲရန့်စ်က “တစ်နိုင်ငံလုံးကလူတွေကို သတင်းစကားပါးချင်ပါတယ်။  တိုက်ခိုက်လုယက်တာတွေ မလုပ်ကြပါနဲ့။ ငြိမ်းငြိမ်းချမ်းချမ်းနေကြပါ။ ဆန္ဒပြတာကိုတော့ မရပ်လိုက်ပါနဲ့ ။ ဒါပေမယ့် ငြိမ်းချမ်းစွာနဲ့ ဆန္ဒဖော်ထုတ်ကြပါ” ဟု ပြောဆိုခဲ့ကာ  လူအုပ်ကြီးကလည်း ဂျော့ချ်ဖလွိုက် ၏ နာမည်ကို သံပြိုင်အော်ဟစ်ခဲ့ကြသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly