စင်ကာပူလေကြောင်းလိုင်း SIA နှင့် SilkAir လေကြောင်းလိုင်းတို့ ဇွန်လနှင့် ဇူလိုင်လတွင် လေယာဉ်ခရီးစဉ်တချို့ကို ပြန်လည် ပြေးဆွဲမည်

စင်ကာပူလေကြောင်းလိုင်း SIA နှင့် SilkAir လေကြောင်းလိုင်းတို့ ဇွန်လနှင့် ဇူလိုင်လတွင် လေယာဉ်ခရီးစဉ်တချို့ကို ပြန်လည် ပြေးဆွဲမည်

ဇွန် ၂ ၊ ၂၀၂၀

စင်ကာပူလေကြောင်းလိုင်း (SIA) နှင့် ဒေသတွင်း လေကြောင်းလိုင်း SilkAir တို့က ဇွန်လနှင့် ဇူလိုင်လတို့တွင် လေယာဉ်ခရီးစဉ်တချို့ကို ပြန်လည် ပြေးဆွဲသွားမည်ဖြစ်ကြောင်း သိရသည်။ ထို့ပြင် SIA နှင့် SilkAir တို့အနေဖြင့် ခရီးစဉ်များ ပြန်လည် ပြေးဆွဲမှုအတွက် သက်ဆိုင်ရာ စည်းမျဉ်းထိန်းသိမ်းသူများ၏ အတည်ပြုချက်များကို ရယူသွားမည်ဖြစ်သည်။

ပြန်လည် ပြေးဆွဲရန် အစီအစဉ်ရေးဆွဲထားသော ခရီးစဉ်များထဲတွင် အဒယ်လိုင်ဒီ၊ အမ်စတာဒမ်၊ အောက်ကလန်၊ ဘာစီလိုနာ၊ ဘရစ်ဘိန်း၊ စီးဘူး၊ ခရစ်ချာ့ခ်ျ၊ ကိုပင်ဟေဂင်၊ ဟောင်ကောင်၊ မီဒန်း၊ မဲလ်ဘုန်းနှင့် အိုဆာကာ တို့ ပါဝင်ကြောင်း SIA ၏ ၀က်ဘ်ဆိုဒ်တွင် ဖော်ပြထားသည်။

ကိုဗစ်-၁၉ ကြောင့် ခရီးသွားလုပ်ငန်းတွင်း ထိခိုက်ကျဆင်းမှုများဖြစ်ပေါ်ခဲ့၍ ၄၈ နှစ်တာ သမိုင်းတစ်လျှောက် ပထမဆုံးအကြိမ်အဖြစ် တစ်နှစ်တာ အသားတင်အရှုံး စင်ကာပူဒေါ်လာ ၂၁၂ သန်း အရှုံးပြခဲ့ကြောင်း စင်ကာပူလေကြောင်းလိုင်းက မေလ ၁၄ ရက်တွင် ထုတ်ပြန်ခဲ့သည်။ ယင်းကို အစောပိုင်းနှစ်က အမြတ်ငွေ စင်ကာပူဒေါ်လာ ၆၈၃ သန်း ရရှိခဲ့ခြင်းနှင့် ယှဉ်ကြည့်နိုင်သည်။

ထို့ပြင် စုစုပေါင်းလေယာဉ်အစင်းရေ ၁၄၇ စင်းအနက် SIA နှင့် SilkAir တို့မှ လေယာဉ်အစင်းပေါင်း ၁၃၈ စင်းအထိကို ရပ်ဆိုင်းထားမည် ဖြစ်ကြောင်း၊ ယင်း၏ လုပ်ငန်းလုပ်ဆောင်နိုင်စွမ်းအား၏ ၉၆ ရာခိုင်နှုန်းအထိ လျှော့ချသွားမည်ဖြစ်ကြောင်း အဆိုပါ လုပ်ငန်းစုက ပြီးခဲ့သည် မတ်လက ကြေညာထားခဲ့သည်။

ပြန်လည် ပြေးဆွဲမည့် ခရီးစဉ်များနှင့်အတူ SIA အနေဖြင့် ဇွန်လနှင့် ဇူလိုင်လအတွက် မူလက အစီအစဉ်ဆွဲထားသော ခရီးသည် ၀င်ဆံ့မှုပမာဏ၏ ၉၄ ရာခိုင်နှုန်းခန့်ကို လျှော့ချထားခဲ့ကြောင်း ယင်းက ပြောသည်။

“SIA နဲ့ SilkAir တို့အနေနဲ့ကတော့ နိုင်ငံတကာ ခရီးသွားလုပ်ငန်းထဲက တောင်းဆိုမှုတွေကို ဖြည့်ဆည်းနိုင်ဖို့အတွက် ကျွန်တော်တို့ရဲ့ လုပ်နိုင်စွမ်းတွေကို ဆက်လက် ချိန်ညှိလုပ်ဆောင်သွားမှာဖြစ်ပါတယ်” ဟု SIA က ပြောသည်။

လေယာဉ်ခရီးစဉ်များ ဖျက်သိမ်းထားရသည့် ခရီးသွား customer များအနေဖြင့် အသုံးမပြုရသေးသည့် ၎င်းတို့၏ လက်မှတ်များ၏ တန်ဖိုးအပြည့်အ၀ကို flight credits များအဖြစ် ထိန်းသိမ်းထားနိုင်မည်ဖြစ်သည်။ ယင်းတို့ကို လာမည့်နှစ် ဒီဇင်ဘာ ၃၁ ရက်မတိုင်ခင်အထိ ၎င်းတို့၏ ခရီးစဉ်သစ်များကို ဘွတ်ကင်လုပ်ရာတွင် အသုံးပြုသွားနိုင်သည်။

ခရီးသွားများအနေဖြင့် ၎င်းတို့၏ ခရီးစဉ်ကို ပြန်လည်၍ လက်မှတ်ကြိုတင်ယူသည့်အချိန်တွင်လည်း ဘောနပ်စ် flight credits များ ရရှိဦးမည်ဖြစ်ကြောင်း SIA က ပြောသည်။

“ဒါကတော့ ခုလို စိန်ခေါ်မှုတွေနဲ့ တွေ့နေရတဲ့ ကာလအတောအတွင်းမှာ သူတို့ရဲ့ အားပေးမှုကို ကျေးဇူးတင်ကြောင်း ကျွန်တော်တို့ဘက်က ပြသပေးတာ ဖြစ်ပါတယ်” ဟု SIA က ထုတ်ပြန်သွားခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly