ထိုင်း ဒု-ဝန်ကြီးချုပ် ပရာဝစ် အပြစ်မရှိကြောင်း အဂတိတိုက်ဖျက်ရေးကော်မရှင်၏ဆုံးဖြတ်ချက်ကို ပြည်သူများမကျေနပ်

By National
02 June 2020
ထိုင်း ဒု-ဝန်ကြီးချုပ် ပရာဝစ် အပြစ်မရှိကြောင်း အဂတိတိုက်ဖျက်ရေးကော်မရှင်၏ဆုံးဖြတ်ချက်ကို ပြည်သူများမကျေနပ်

 ဇွန် ၂

တန်ဖိုးကြီးနာရီဝတ်ဆင်ခဲ့သဖြင့် အဂတိလိုက်စားကြောင်း စွပ်စွဲခံခဲ့ရသော ထိုင်းနိုင်ငံ ဒုတိယဝန်ကြီးချုပ် ပရာဝစ်ဝမ်ဆူဝေါင်ကို အဂတိတိုက်ဖျက်ရေးကော်မရှင်က ပြစ်ချက်မရှိကြောင်း ဆုံးဖြတ်ချက်ချလိုက်ခြင်းသည် အင်တာနက်အသုံးပြုသူများအကြား ဂယက်ရိုက်သွားခဲ့သည်။

“နာမည်ကြီး ဒု-ဝန်ကြီးချုပ်အရေးကိစ္စကို လူအတော်များများက အများကြီးမျှော်လင့်ထားခဲ့ကြတာပါ။ ဒါပေမယ့် သူတို့တွေက အမျိုးသား အဂတိတိုက်ဖျက်ရေးကော်မရှင် (NACC) ရဲ့ ဆုံးဖြတ်ချက်ကို ဝေခွဲမရဖြစ်နေတုန်းပဲ ” ဟု ထိုင်းနိုင်ငံ အဂတိတိုက်ဖျက်ရေး အရပ်သား အဖွဲ့၏ အတွင်းရေးမှူးချုပ် Mana Nimitmongkol က မေ ၃၁ ရက်တွင် ပြောသည်။

ပရာဝစ်အနေဖြင့် တန်ဖိုးကြီးနာရီကို ငှားရမ်းဝတ်ဆင်ခြင်းသည် အကျင့်ပျက်ခြစားမှုဥပဒေကို မချိုးဖောက်ကြောင်း NACC က ကြေညာပြီးနောက်  ထိုသို့ ပြောဆိုလိုက်ခြင်းဖြစ်သည်။

အငြင်းပွားဖွယ် ဒု-ဝန်ကြီးချုပ်နှင့် ဆက်စပ်သော NACC ၏ ထုတ်ပြန်ချက်သည် ပြီးခဲ့သည့်ရက်ပိုင်းအတွင်း အင်တာနက်အသုံးပြုသူများအကြား ပျံ့နှံ့သွားခဲ့ပြီး တရားဥပဒေစိုးမိုးရေးအေဂျင်စီမှ ကျင့်သုံးသော စံချိန်စံညွှန်း များကို များစွာ ဝေဖန်ခဲ့ကြသည်။

၂၀၂၀ ခုနှစ် မေ ၂၅ ရက်စွဲဖြင့် ထုတ်ပြန်ခဲ့သော အဆိုပါကြေညာချက်သည် ပြီးခဲ့သည့်နှစ် ဇန်နဝါရီလက  စီနိတ်တာ Ruangkrai Leekitwattana က ဒု-ဝန်ကြီးချုပ်၏ အကျင့်ပျက်လာဘ်စားမှုကို ဖော်ထုတ်ပေးရန် NACC ကို တိုင်တန်းခဲ့ခြင်းကို တုံ့ပြန်လိုက်ခြင်းဖြစ်သည်။

ပရာဝစ်သည် ၂၀၁၇ ခုနှစ် ဒီဇင်ဘာလက အစိုးရအဖွဲ့အသစ် အုပ်စုလိုက်ရိုက်ထားသည့်ဓာတ်ပုံတွင် တန်ဖိုးကြီးနာရီနှင့် စိန်လက်စွပ် တို့ကို ဝတ်ဆင်ထားခဲ့သည်။ ထိုပစ္စည်းများသည် ပရာဝစ်၏ပိုင်ဆိုင်မှုကြေညာချက်တွင် မပါဝင်၍  ပြည်သူက ဖြေရှင်းချက်ပေးရန် တောင်းဆိုခဲ့ကြသည်။ ထိုအချိန်က ကာကွယ်ရေးဝန်ကြီးအဖြစ်လည်း တာဝန်ထမ်းဆောင်နေသော ပရာဝစ်က နာရီသည် မိတ်ဆွေတစ်ဦးထံမှ ငှားထားခြင်းဖြစ်ကြောင်းနှင့် စိန်လက်စွပ်မှာ သူ့မိခင်ပိုင်ဆိုင်ကြောင်း ထပ်တလဲလဲ ပြောဆိုခဲ့သည်။

Mana ကလည်း NACC ၏ ဆုံးဖြတ်ချက်ကို စိတ်ပျက်မိကြောင်းပြောခဲ့သည်။ “ ကျွန်တော်တို့ တရားဥပဒေစိုးမိုးရေးကို စောင့်ထိန်းမှာလား ဒါမှမဟုတ် ဩဇာရှိတဲ့လူတွေကို မျက်နှာသာပေးဖို့ ဒါကို အသုံးချမှာလား” ဟု မေးခွန်းထုတ်ခဲ့သည်။ ဥပဒေပညာရှင်များနှင့် တရားသူကြီးများသည် ဤကိစ္စကို ဆွေးနွေးသင့်သည်ဟု Mana က အကြံပြုပြောဆိုခဲ့သည်။

ပရာယွတ်ချန်အိုချာအစိုးရသည် ၂၀၁၄ အာဏာသိမ်းပြီးနောက်ပိုင်း ပြုပြင်ပြောင်းလဲရေးအတွက် ကတိပြုခဲ့သော်လည်း အကျင့်ပျက်ခြစားမှုသည် နိုင်ငံအတွင်း တွင်ကျယ်နေဆဲဖြစ်ကြောင်း Mana က ညည်းညူပြောဆို ခဲ့သည်။

နိုင်ငံတကာပွင့်လင်းမြင်သာမှုအဖွဲ့၏ အဂတိလိုက်စားမှုအညွှန်းကိန်း (CPI) အရ ထိုင်းနိုင်ငံသည်  အလွန်နိမ့်သောအဆင့်တွင်ရှိနေပြီး အဆင့် ၉၉ ရှိရာမှ ၂၀၁၉ ခုနှစ်တွင် ၁၀၁ အထိ ကျဆင်းခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required