Remdesivir ဆေးက ရောဂါမပြင်းထန်သော ကိုဗစ်-၁၉ လူနာများကို ကူညီတိုးတက်စေသည်ဟု Gilead ကုမ္ပဏီ ပြော

Remdesivir ဆေးက ရောဂါမပြင်းထန်သော ကိုဗစ်-၁၉ လူနာများကို ကူညီတိုးတက်စေသည်ဟု Gilead ကုမ္ပဏီ ပြော

ဇွန် ၂

နောက်ပိုင်းအဆင့် စမ်းသပ်လေ့လာချက်တစ်ရပ်အရ ဗိုင်းရပ်စ်တိုက်ဖျက်ဆေး remdesivir က ရောဂါပြင်းထန်ခြင်း မရှိသည့် ကိုဗစ်-၁၉ လူနာများကို တိုးတက်ကောင်းမွန်မှုများ ရရှိစေသည်ကို ပြသခဲ့ကြောင်း အမေရိကန် ဆေးဝါးကုမ္ပဏီကြီး Gilead Sciences Inc က ဇွန်လ ၁ ရက်တွင် ထုတ်ပြန်သည်။

အမေရိကန် အစားအစာနှင့် ဆေးဝါးကွပ်ကဲမှု အဖွဲ့က ပြီးခဲ့သည့်လတွင် ယင်းဆေးကို အရေးပေါ် အသုံးပြုရန် ခွင့်ပြုချက်ထုတ်ပေးခဲ့ပြီးနောက် အဆိုပါ Remdesivir ဆေးကို နီးနီးကပ်ကပ် စောင့်ကြည့်နေကြလျက် ရှိသည်။ အမျိုးသား ကျန်းမာရေးအဖွဲ့က လုပ်ဆောင်ခဲ့သည့် လေ့လာချက်တစ်ရပ်အရ ယင်းဆေးပေးထားသည့် လူနာများသည် ဆေးပေးမထားသည့် လူနာများနှင့်ယှဉ်ပါက ဆေးရုံတက်ရသည့် အချိန်ကာလ ၃၁ ရာခိုင်နှုန်း သို့မဟုတ် လေးရက်ခန့် လျော့ကျသွားသည်ကို တွေ့ရှိထားခဲ့သည်။

လက်ရှိအချိန်တွင် ကိုရိုနာဗိုင်းရပ်စ်အတွက် အတည်ပြုထားသည့် ကုသဆေး သို့မဟုတ် ကာကွယ်ဆေး မရှိသေးသည့်အတွက် အဆိုပါ ရလဒ်များက အထူးတလည် သိသာထင်ရှားမှုအဖြစ် ရှုမြင်ခံထားရသည်။ သို့သော် အခြားသော အခြေအနေများအတွက် အတည်ပြုထားသော ဆေးဝါးအများအပြားနှင့် စမ်းသပ်ကုသမှုများနှင့်ပတ်သက်၍လည်း ကိုဗစ်-၁၉ ၏ လမ်းကြောင်းကို ပြောင်းလဲစေနိုင်သလား ဆိုသည်ကို သိရှိနိုင်ရန် လေ့လာစမ်း သပ်မှုများ လုပ်ဆောင်လျက် ရှိသည်။

Remdesivir ဆေးဖြင့် ငါးရက်ကြာ ကုသမှုနှင့် ၁၀ ရက်ကြာ ကုသမှုတို့၏ ဘေးကင်းစိတ်ချရမှုနှင့် ထိရောက်မှုတို့ကို အကဲဖြတ်ချင့်တွက်ရန်၊ စံပြု ပြုစုစောင့်ရှောက်မှု သက်သက်နှင့် နှိုင်းယှဉ်ပြီး ကိုဗစ်-၁၉ ရောဂါမပြင်း ထန်သော လူနာများအတွက် စံပြု ပြုစုစောင့်ရှောက်မှုတို့ကို အကဲဖြတ်လေ့လာရန် လေ့လာချက်တစ်ရပ် ရည်ရွယ်လုပ်ဆောင်ခဲ့ပြီး တနင်္လာနေ့က Gilead က ကြေညာခဲ့သည့် ရလဒ်သစ်များသည် အဆိုပါ လေ့လာချက်မှ ရလဒ်များ ဖြစ်သည်။

၁၁ ရက်မြောက်နေ့တွင် ငါးရက်ကြာ ကုသမှု ပေးသည့် အုပ်စုရှိ လူနာများအနက် အချိုးအစားမြင့်မားသော လူနာဦးရေသည် စံပြုအဖွဲ့ နှင့် နှိုင်းယှဉ်ပါက လက်တွေ့စမ်းသပ်ကုသမှု အခြေအနေအောက်တွင် တိုးတက်မှုများ ရရှိခဲ့ကြောင်း Gilead က ပြောသည်။

စံပြု ကုသစောင့်ရှောက်မှုနှင့် ယှဉ်ပါက remdesivir ဆေးဖြင့် ဆယ်ရက်ကြာ ကုသမှုနှင့်အတူ လက်တွေ့စမ်းသပ်မှု အခြေအနေတွင် တွေ့ရှိခဲ့သည့် တိုးတက်မှု အလားအလာများသည်လည်း သင့်လျော်ကောင်းမွန်ကြောင်း၊ သို့သော် ကိန်းဂဏန်းများအရ သိသာထင်ရှားမှု ရှိသည့် အဆင့်သိ့ု မရောက်ခဲ့ကြောင်း ဆေးဝါးကုမ္ပဏီက ပြောသွားခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly