အမေရိကန်လူမည်းသေဆုံးမှုကို လူမျိုးရေးခွဲခြားမှုအဖြစ် Facebook နှင့် Snap ကုမ္ပဏီတို့က ရှုတ်ချ

အမေရိကန်လူမည်းသေဆုံးမှုကို လူမျိုးရေးခွဲခြားမှုအဖြစ် Facebook နှင့် Snap ကုမ္ပဏီတို့က ရှုတ်ချ

ဇွန် ၂

ပြီးခဲ့သည့် ရက်သတ္တပတ်က အမေရိကန် မင်နီယာပိုလစ်မြို့၌ ရဲထိန်းသိမ်းမှုခံရစဉ်အတွင်း အမေရိကန်လူမည်းဖြစ်သူ ဂျော့ချ်ဖလွိုက်သေဆုံးခဲ့မှုနှင့်ပတ်သက်ပြီး မြို့ကြီးများတွင် ဆန္ဒပြမှုများ ပေါ်ပေါက်လာခဲ့သည်။ Facebook ကုမ္ပဏီနှင့် Snapchat တီထွင်သည့် Snap ကုမ္ပဏီတို့ကလည်း အဆိုပါဖြစ်ရပ်ကို အခြားအဖွဲ့အစည်းများနည်းတူ လူမျိုးရေးခွဲခြားမှုလုပ်ရပ်အဖြစ် ရှုတ်ချခဲ့ကြသည်။

Intel Corp, Netflix , Alphabet’s Google , International Business Machines Corp နှင့် Nike ကုမ္ပဏီတို့က ဂျော့ချ်ဖလွိုက်သေဆုံးမှုအတွက် ပြည်သူများနှင့်အတူ ရပ်တည်ပြီး အာဖရိကန်-အမေရိကန်များအပေါ် ခွဲခြားမဆက်ဆံရန် ဆော်ဩခဲ့ကြသည်။

Facebook နှင့် Google တို့သည် ၎င်းတို့လုပ်ငန်းခွင်၌ အာဖရိကန်-အမေရိကန်များအား ခွဲခြားဆက်ဆံဆက်ခြင်း ပြဿနာများကို နှိမ်နင်းရန် နှစ်ပေါင်းများစွာ ရုန်းကန်ခဲ့ကြရသည်။  လူမည်းအင်ဂျင်နီယာများ၏ အလုပ်သမားအင်အားမှာ အမေရိကန်လူဦးရေနှင့်နှိုင်းစာလျှင် ကိုယ်စားမပြုနိုင်ဘဲ ဖြစ်နေသည်။ ကိုရိုနာဗိုင်းရပ်စ်ကြောင့် ကုမ္ပဏီများ အလုပ်ခန့်အပ်မှုနှေးကွေးလာခြင်းနှင့် လပေါင်းများစွာ အိမ်ကလုပ်နေကြရသဖြင့် အဆိုပါ စိန်ခေါ်မှုများမှာလည်း လျော့နည်းလာမည့်ဟန်မရှိပေ။

မင်နီယာပိုလစ်မြို့ ဆန္ဒပြပွဲအပေါ် သမ္မတဒေါ်နယ်ထရမ့်၏ လူထု ဆူပူအုံကြွစေသော ရေးသားချက်အတွက် အရေးယူပေးရန် Facebook ကုမ္ပဏီဝန်ထမ်းများက အမှုဆောင်အရာရှိချုပ် Mark Zuckerberg ကို တနင်္လာနေ့က တိုက်တွန်းခဲ့ကြသည်။

သို့သော် Zuckerberg  က သောကြာနေ့က Facebook ပေါ်၌ ထရမ့်တင်ခဲ့သော post အတွက် ၎င်းအနေဖြင့် အရေးယူမည်မဟုတ်ကြောင်းနှင့် လူမျိုးရေးတန်းတူညီမျှရှိရေးအတွက်လုပ်ဆောင်နေသော အဖွဲ့အစည်းများကို အမေရိကန်ဒေါ်လာ ၁၀ သန်း ထောက်ပံ့သွားမည်ဖြစ်ကြောင်း ပြောဆိုခဲ့သည်။

ဖလွိုက်သေဆုံးမှုသည် အာဖရိကန်-အမေရိကန်များအပေါ် အာဏာပိုင်များ၏ ပြုမူဆက်ဆံပုံ အသစ်တစ်ဖန် ရက်စက်ကြမ်းကြုတ်မှုအဖြစ် အမေရိကန်တစ်လွှားတွင် ပေါ်ပေါက်ခဲ့ပြီး နိုင်ငံရေးအရရော လူမျိုးရေးအရပါ တိုင်းပြည်ကို နှစ်ခြမ်းကွဲစေခဲ့သည်။

Snap ၏ အမှုဆောင်အရာရှိချုပ် Evan Spiegel က “ လူတွေရဲ့ နောက်ခံရာဇဝင်တွေကို လျစ်လျူရှုပြီး အားလုံးအတွက် တပြိုင်နက်တည်း အခွင့်အလမ်းမဖန်တီးပေးဘဲနဲ့တော့ လူမျိုးခွဲခြားရေးဝါဒကို အဆုံးမသတ်နိုင်ဘူး” ဟု အီးမေးလ်မှတစ်ဆင့် ဝန်ထမ်းများကို ပြောဆိုခဲ့ပြီး အားလုံးအတွက်အကျိုးပြုအဖွဲ့အစည်းဖန်တီးရေး စည်းကြပ်ခွန်တိုးမြှင့်ရန် တောင်းဆိုခဲ့သည်။

Google နှင့် YouTube ကုမ္ပဏီများကလည်း ၎င်းတို့၏ homepage တွင် တန်းတူညီမျှဆက်ဆံရေးကိုထောက်ခံကြောင်း ပြောဆိုခဲ့သည်။

Nike ကုမ္ပဏီကလည်း “ ဒါမျိုးမလုပ်ပါနဲ့။ အမေရိကန်မှာ ပြဿနာတစ်ခုမှ မရှိဟန်မဆောင်ပါနဲ့။ လူမျိုးရေးခွဲခြားတဲ့ဘက် ပြန်မလှည့်ပါနဲ့” ဟု ရေးထားသော ဗီဒီယိုစာသားကို တွစ်တာ၌ တင်ခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly