မော်စကိုတွင် ကိုရိုနာဗိုင်းရပ်စ် ဖြစ်ပွားမှု ကျဆင်း၍ လော့ဒေါင်းဖြေလျှော့

မော်စကိုတွင် ကိုရိုနာဗိုင်းရပ်စ် ဖြစ်ပွားမှု ကျဆင်း၍ လော့ဒေါင်းဖြေလျှော့

ဇွန် ၁

မော်စကိုမြို့ခံများအနေဖြင့် တနင်္လာနေ့တွင် သီတင်းပတ် ကိုးပတ်အတွင်း ပထမဆုံးအဖြစ် နေအိမ်များမှ အပြင်ထွက်ကာ အေးအေးလူလူ လမ်းလျှောက်နိုင်ကြပြီ ဖြစ်သည်။

ကိုရိုနာဗိုင်းရပ်စ် ဖြစ်ပွားမှု ကျဆင်းခြင်းကြောင့် တင်းကြပ်သည့် လော့ဒေါင်းချထားမှုကို တစ်စိတ်တစ်ဒေသအားဖြင့် ဖြေလျှော့လိုက်ခြင်းကြောင့် ဖြစ်သည်။

လူဦးရေး ၁၂ ဒသမ ၇ သန်း နေထိုင်သော မော်စကိုမြို့တော်ကို ဈေးဆိုင်တန်းများ ပြန်ဖွင့်နိုင်မည့် လော့ဒေါင်းအချို့ ဖြေလျှော့ရန် သမ္မတ ဗလာဒီမာပူတင်က စဉ်းစားနေသည်ဟု ပြီးခဲ့သည့်သီတင်းပတ်တွင် မြို့တော်ဝန် ဆာဂျေးဆိုဘိုင်ယန်နင်က ပြောခဲ့သည်။

မတ်လနှောင်းပိုင်းမှ စတင်ကာ ပိတ်ထားရသည့် ကားအရောင်းခန်းများ၊ အခြောက်ခံသန့်ရှင်းရေးလုပ်ငန်းများ၊ ပြင်ဆင်ရေးအလုပ်ရုံများ၊ စားအုပ်ဆိုင်များနှင့် ပင်မင်းဆိုင်များ အပါအဝင်  မော်စကိုက ဆိုင်များကို ပြန်လည် ဖွင့်လှစ်တော့မည် ဖြစ်သည်။

မြို့ခံများအနေဖြင့်လည်း နေသည့် လိပ်စာအပေါ် မူတည်ပြီး သတ်မှတ်ထားသော ရက်များအတွင်း သီတင်းတစ်ပတ်လျှင် သုံးကြိမ် အပြင်ထွက်ခွင့် ရမည်ဖြစ်သည်။ ပြည်သူများအနေဖြင့် အပြေးလေ့ကျင့်ခြင်း သို့မဟုတ် ပြင်ပ၌ အားကစားလုပ်ခြင်းများကို လုပ်နိုင်မည်ဖြစ်သော်လည်း နံနက် ၅ နာရီမှ ၉ နာရီကြားသာ လုပ်ဆောင်နိုင်မည်ဖြစ်သည်ဟု တာဝန်ရှိသူများက ပြောသည်။

သီတင်းပတ်များစွာ ပိတ်ထားရသည့် ရှော့ပင်းစင်တာများနှင့် ဥယျာဉ်အများအပြားကိုလည်း တနင်္လာနေ့တွင် ပြန်ဖွင့်မည်ဖြစ်သော်လည်း အထဲတွင်ရှိသော ကလေးကစားကွင်းများနှင့် အားကစားလုပ်ရာနေရာများကိုမူ ဆက်လက်ပိတ်ထားမည် ဖြစ်သည်။

ရုရှ၏ အချိန်ပိုင်းဇုန်များအနှံ့ နေ့စဉ် ဗိုင်းရပ်စ် အသစ်ကူးစက်မှုများကို တာဝန်ရှိသူများက ထုတ်ပြန်နေဆဲဖြစ်ပြီး မော်စကိုသည် ကူးစက်ဖြစ်ပွားမှု ပမာဏအရ အဆိုးဆုံးဇုန်ဖြစ်နေသည်။

သို့သော် ပြီးခဲ့သည့်သီတင်းပတ်များအတွင်း အသစ်ကူးစက်ဖြစ်ပွားမှု သိသိသာသာ ကျဆင်းခဲ့သည်။ တနင်္ဂနွေနေ့တွင် မော်စကို၌ ကိုရိုနာဗိုင်းရပ်စ် အသစ်ကူးစက်သူ ၂၅၉၅ ဦး ရှိခဲ့ရာ ယခင်က နေ့စဉ်ကူးစက်မှုနှုန်းသည် ၆၀၀၀ အထက် ရှိနေခဲ့ခြင်း ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required