အမေရိကန်တွင် ရဲတပ်ဖွဲ့ဝင်တချို့၏ လူမဆန်သည့်လုပ်ရပ်အပေါ် ဆန့်ကျင်ချီတက်ဆန္ဒပြသည့် ဆန္ဒပြသမားများနှင့်အတူ ရဲများလည်း ပူးပေါင်းပါဝင်

အမေရိကန်တွင် ရဲတပ်ဖွဲ့ဝင်တချို့၏ လူမဆန်သည့်လုပ်ရပ်အပေါ် ဆန့်ကျင်ချီတက်ဆန္ဒပြသည့် ဆန္ဒပြသမားများနှင့်အတူ ရဲများလည်း ပူးပေါင်းပါဝင်

ဇွန် ၁ ၊ ၂၀၂၀

အမေရိကန်ပြည်ထောင်စုတွင် ရဲတပ်ဖွဲ့ဝင်တချို့၏ လူမဆန်သည့် လုပ်ရပ်ကြောင့် လူမည်းအမျိုးသား ဂျော့ချ်ဖလွိုက် သေဆုံးခဲ့မှုအပေါ် ဆန့်ကျင်သည့် ဆန္ဒပြပွဲများ ပေါ်ပေါက်နေခဲ့စဉ် မြို့တစ်ချို့၌ ဆန္ဒပြသူများနှင့်အတူ ရဲများလည်း ပူးပေါင်းပါဝင်ရပ်တည်ခဲ့ကြကြောင်း သိရသည်။

ဆန္ဒပြပွဲများအတွင်း ရဲတပ်ဖွဲ့ဝင်များက ဆန္ဒပြသူများကို နံပါတ်တုတ်များ၊ မျက်ရည်ယိုဓာတ်ငွေ့၊ ရာဘာကျည်တို့ သုံးပြီး လူစုခွဲသည့် ဗီဒီယို၊ ဓာတ်ပုံများ ဆိုရှယ်မီဒီယာပေါ် ရောက်လာခဲ့သည်။

သို့သော် ပြီးခဲ့သည့် မေလ ၃၀ ရက်တွင် ရဲတပ်ဖွဲ့ဝင်တချို့သည် ဆန္ဒပြသူများနှင့် ပူးပေါင်းခဲ့ကြပြီး ၎င်းတို့သည်လည်း ရဲတပ်ဖွဲ့၏ လူမဆန်မှုကို ဆန့်ကျင်ကြောင်း သဘောထားရပ်တည်ချက်ကို ထုတ်ဖော်ပြသခဲ့ကြသည်။

ထို့ပြင် ဆန္ဒပြသူများဘက်ကနေ ပူးပေါင်းပါဝင်ခဲ့ကြသည့် အဆိုပါ ရဲတပ်ဖွဲ့ဝင်တို့သည် နိုင်ငံတွင် လူမျိုးရေးခွဲခြားမှုကို ဆန့်ကျင်သည့် လှုပ်ရှားမှုနှင့်အတူ စည်းလုံးညီညွတ်မှုကို ထုတ်ဖော်ပြသခဲ့ကြခြင်း ဖြစ်သည်။

“ကျွန်တော်တို့လည်း ခင်ဗျားတို့နဲ့အတူ ရပ်တည်ချင်ပါတယ်၊ တကယ်ပါ၊ ကျွန်တော့် ဦးထုပ်ကို ချွတ်လိုက်ပါပြီ၊ နံပါတ်တုတ်ကိုလည်း ပစ်ချထားလိုက်ပါပြီ၊ ဒါကို ဆန္ဒပြပွဲလိုမဟုတ်ဘဲ စီတန်းချီတက်ပွဲတစ်ခု ဖြစ်စေချင်ပါ တယ်” ဟု Genesee ကောင်တီမှ ရဲတပ်ဖွဲ့ဝင်တစ်ဦးဖြစ်သည့် ခရစ် ဆွမ်ဆန်က မီချီဂန်ပြည်နယ် Flint မြို့မှ ဆန္ဒပြသူများကို ပြောခဲ့သည်။ ယင်းနောက် ၎င်းသည်လည်း ဆန္ဒပြလူအုပ်နှင့်အတူ ပူးပေါင်း ချီတက်ပြီး အော်ဟစ်ကြွေးကြော်ခဲ့သည်။

နယူးဂျာစီပြည်နယ် Camden မြို့မှ ရဲတပ်ဖွဲ့တချို့ကိုလည်း “စည်းစည်းလုံးလုံး ညီညီညွတ်ညွတ် ရပ်တည်တယ်” ဆိုသည့် စာသားတစ်ခုကို ကိုင်ထားခဲ့သည်ကို တွေ့ခဲ့ရသည်။ ထို့ပြင် ၎င်းတို့သည် ဆန္ဒပြလူအုပ်စုနှင့် အတူ ပူးပေါင်းပြီး “ တရားမျှတမှု မရှိရင် ငြိမ်းချမ်းမှုလည်း မရှိ” ဟု ကြွေးကြော်ခဲ့ကြသည်။

ကယ်လီဖိုးနီးယားပြည်နယ် Santa Cruz မြို့မှ ရဲတပ်ဖွဲ့အကြီးအကဲ အန်ဒီ မီလ်စ် ကလည်း ဆန္ဒြ့ပသူများနှင့်အတူ ပူးပေါင်းပြီး ဒူးတစ်ဘက် ထောက်ကာ ဆန္ဒပြသူများနှင့်အတူ ရပ်တည်ကြောင်း ထုတ်ဖော်ခဲ့သည်။

မစ်ဆိုရီပြည်နယ် Kansas မြို့မှ ရဲနှစ်ဦး (လူဖြူ ရဲတစ်ဦးနှင့် လူမည်း ရဲတစ်ဦး) တို့ကိုလည်း “ရဲတွေရဲ့ လူမဆန်မှု ရပ်တန့်ရေး” ဆိုသည့် စာတန်းတစ်ခု ကိုင်မြှောက်ထားကြသည်ကို တွေ့မြင်ခဲ့ရသည်။

မြောက်ဒါကိုတာပြည်နယ် Fargo မြို့တွင်လည်း ရဲတစ်ဦး ဆန္ဒပြပွဲ စီစဉ်သူများနှင့်အတူ လက်ချင်းချိတ်ထားသည်ကို တွေ့ခဲ့ရသည်။

မစ်ဆိုရီ ပြည်နယ် Ferguson မြို့တွင်လည်း ရဲတပ်ဖွဲ့တချို့သည် ဂျော့ချ်ဖလွိုက်ကို ဂုဏ်ပြုအောက်မေ့သည့်အနေဖြင့် ကိုးမိနစ်ခွဲ ဒူးထောက်မှုတွင် ပါဝင်ခဲ့ရာ လူအုပ်စုက လက်ခုပ်တီး အားပေးခဲ့ကြသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly