နေပြည်တော်တွင် မီဒီယာကျေးရွာ ထူထောင်ရန် စီစဉ်နေဟုဆို

နေပြည်တော်တွင် မီဒီယာကျေးရွာ ထူထောင်ရန် စီစဉ်နေဟုဆို

မေ ၃၀

သတင်းမီဒီယာရုံးခန်းများနှင့် ဂျာနယ်လစ်ဇင်သင်တန်းကျောင်းတို့ပါ ပါဝင်သော မီဒီယာကျေးရွာတစ်ခုကို နေပြည်တော်တွင် တည်ထောင်ရန် စီမံလျှက်ရှိကြောင်းနေပြည်တော်မြို့တော်ဝန်ဦးရဲမင်းဦးကသတင်းသမားတချို့ကို ယမန်နေ့က ရှင်းလင်းပြောကြားခဲ့သည်။

နေပြည်တော်ဘူးကွဲရှိ ဧက ၂၀ ကျယ်ဝန်းသောမြေကွက်ပေါ်တွင် မီဒီယာကျေးရွာ (Media village) ကို တည်မှာဖြစ်ပြီး သတင်းမီဒီယာများတွက်ရုံးခန်းများ၊မီဒီယာသင်တန်းကျောင်း၊မီဒီယာကောင်စီရုံးခန်း၊စားသောက်ဆိုင်၊ စာကြည့်တိုက်နှင့် မြန်မာ့မီဒီယာပြတိုက်တို့ ပါဝင်မည်ဟုဆိုသည်။

သို့သော် မီဒီယာကျေးရွာထူထောင်မည့်အစီအစဉ်ကို အတည်ပြုနိုင်ရေး လုပ်ငန်းစဉ်များကျန်ရှိနေသေးသည်။

နေပြည်တော်ရှိ မဇ္ဈိမသတင်းထောက် ကိုသန်းထိုက်အောင်အပါအဝင် ပုဂ္ဂလိသတင်းတိုက်များမှ သတင်းသမားခြောက်ဦးပါဝင်သော တွေ့ဆုံမှု၌ ဒုမြို့တော်ဝန်က ရှင်းပြရာ မှတ်ပုံတင်ထားသောသတင်းမီဒီယာတိုက်တိုင်းသည် ရုံးခန်းများကို သတ်မှတ်နှုန်းထားဖြင့် ဝယ်ယူခွင့်ရမှာဖြစ်ပြီး အရစ်ကျစနစ်အတွက် နေပြည်တော် စည်ပင်ဘဏ်က ငွေချေးပေးမှာဖြစ်သည်။

သတင်းမီဒီယာကောင်စီရုံးခန်းအတွက်ကိုတော့ အစိုးရ သတ်မှတ်နှုန်းထားအတိုင်း ငှားရမ်းပေးမှာဖြစ်သည်ဟု သိရသည်။

ဂျာနယ်လစ်ဇင်သင်တန်းကျောင်းဖွင့်ရန်နှင့် စားသောက်ဆိုင်များအတွက်ကိုလည်း မြေနေရာရောင်းချပေးမှာဖြစ်သည်။

စာကြည့်တိုက်အတွက်ဖောင်ဒေးရှင်းတစ်ခုခုကိုလွှဲပြောင်းပေးဖွယ်ရာရှိနေသလိုမြန်မာ့မီဒီယာပြတိုက်အတွက်ကိုတော့ပြန်ကြားရေးဝန်ကြီးဌာနအပါအဝင်သက်ဆိုင်ရာအဖွဲ့အစည်းများနှင့်ညှိနှိုင်းအကောင်အထည်ဖော်သွားရန်ရှိသည်ဟု သိရသည်။

မီဒီယာကျေးရွာဘေးတွင် အငြိမ်းစားဝန်ထမ်း အိမ်ရာတစ်ခုကို နေပြည်တော်စည်ပင်သာယာက အကောင်အထည်ဖော်လျှက်ရှိရာ အခန်းတစ်ချို့ကို သတင်းသမားများအတွက် အရစ်ကျစနစ်ဖြင့် ရောင်းချပေးမည်ဟုဆိုသည်။ 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly