တရုတ်ကို အပြစ်ပေးရန် ထရမ့် ချိန်ဆနေ

မေ ၃၀

ထိန်းသိမ်းရေးစင်တာများ၌ မွတ်စလင်တစ်သန်းကျော်အား ပိတ်လှောင်ထားခြင်းအတွက် တရုတ်တာဝန်ရှိသူများကို အပြစ်ပေးနိုင်မည့် စီမံချက်တစ်ရပ်အား လက်မှတ်ရေးထိုးရန် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ချိန်ဆလျက် ရှိနေပြီ ဖြစ်သည်။

ဟောင်ကောင်ကို နှိပ်ကွပ်မှုများနှင့် ကိုရိုနာဗိုင်းရပ်စ်အား တုံ့ပြန်ပုံတို့နှင့်ပတ်သက်ကာ တရုတ်နိုင်ငံအား အပြစ်ပေးရန် ထရမ့်အနေဖြင့် အရေးစိုက်နေချိန်လည်း ဖြစ်သည်။

တရုတ်နိုင်ငံ ရှင့်ကျန်းပြည်နယ်က ဝီဂါမွတ်စလင်များအား ဖိနှိပ်မှုများအရေးကို ကိုင်တွယ်ဖြေရှင်းရေး ဥပဒေကြမ်းတစ်ရပ်အား ကွန်ဂရက်လွှတ်တော်တွင် ပါတီနှစ်ရပ်စလုံးက ကျယ်ကျယ်ပြန့်ပြန့် သဘောတူထားပြီးဖြစ်သည်။

အဆိုပါ ဥပဒေကြမ်းအရ ထရမ့်အနေဖြင့် တရုတ် အနောက်ဖျားက မွတ်စလင်များအား ဖိနှိပ်မှုတွင် တာဝန်မကင်းသည့် မည်သည့် တာဝန်ရှိသူမဆိုအား ဒဏ်ခတ်ပိတ်ဆို့ကာ ၎င်းတို့၏ ဗီဇာများကိုလည်း ရုပ်သိမ်းနိုင်မည် ဖြစ်သည်။

“သမ္မတ ထရမ့်အနေနဲ့ ဒီ ဥပဒေကြမ်းကို လက်မှတ်ထိုးလိမ့်မယ်လို့ ကျွန်တော်တို့ အပြည့်အဝ မျှော်လင့်ထားပါတယ်။”ဟု လွှတ်တော်နိုင်ငံခြားရေးရာကော်မတီဆိုင်ရာ ထိပ်တန်းရီပတ်ဘရီကန်အမတ်ဖြစ်သူ မိုက်ကယ်မက်ကောက ပြောသည်။

ဟောင်ကောင်က လွတ်လပ်ခွင့်များကို ထိန်းချုပ်ဟန့်တားမည့် လုံခြုံရေးဥပဒေတစ်ရပ်အား တရုတ်နိုင်ငံက အတည်ပြုရန် လုပ်ဆောင်လာခဲ့ပြီးနောက် တရုတ်နိုင်ငံနှင့် ပတ်သက်ကာ အစိုးရအနေဖြင့် မည်သို့ လုပ်ဆောင်မည်ကို သောကြာနေ့နှောင်းပိုင်း၌ သတင်းစာရှင်းလင်းပွဲ ကျင်းပမည်ဟု ထရမ့်က ပြောခဲ့သည်။

ဇန်နဝါရီလအတွင်းက တရုတ်တာဝန်ရှိသူများနှင့် လက်မှတ်ရေးထိုးခဲ့သော ကုန်သွယ်ရေးသဘောတူညီမှု ပထမပိုင်းတွင် အမေရိကန်က ဆက်လက်ပါဝင်နေဦးမည်လားဟု သတင်းထောက်တစ်ဦး၏ မေးခွန်းကို “ဖြစ်ပျက်နေတာတွေနဲ့ ပတ်သက်ပြီး ကျွန်တော်တို့ စိတ်မချမ်းသာရဘူး။”ဟု ထရမ့်က တုံ့ပြန်ဖြေကြားခဲ့သည်။

ထရမ့်အနေဖြင့် တရုတ်နိုင်ငံအတွင်းက လူ့အခွင့်အရေး ချိုးဖောက်မှုများကို စိတ်ဝင်စားမှု အနည်းငယ်သာ ပြသထားသည်။ သို့သော် တရုတ်၏ ဟောင်ကောင်လုံခြုံရေးဥပဒေနှင့် ကိုရိုနာဗိုင်းရပ်စ်အား တုံ့ပြန်ပုံများနှင့် ပတ်သက်ပြီး ဝေဖန်မှုများကြောင့် ကမ္ဘာ့စီးပွားရေးအကြီးဆုံး နှစ်နိုင်ငံကြား တင်းမာမှုများ အရှိန်မြင့်လျက် ရှိနေသည်။ ယင်းအတွက် အိမ်ဖြူတော်အနေဖြင့် လက်တုံ့ပြန်ရေးအတွက် နည်းလမ်းရှာရန် လှုံ့ဆော်မှုများ ရှိလာခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly