နောက်ဆုံးအကြိမ်ထိ မဲစာရင်းတွင် မပါသူများ နိုင်ငံသားအခွင့်အရေး ဆုံးရှုံးတော့မည်လား

နောက်ဆုံးအကြိမ်ထိ မဲစာရင်းတွင် မပါသူများ နိုင်ငံသားအခွင့်အရေး ဆုံးရှုံးတော့မည်လား
၂၀၁၅ ခုနှစ် နိုဝင်ဘာ ၄ ရက် မွန်းလွဲပိုင်းက မန္တလေးမြို့ အောင်မြေသာစံမြို့နယ် ဥပုသ်တော်ရပ်ကွက်ရှိ မန်းတောင်ခြေဘိုးဘွားရိပ်သာမှ ဘိုးဘွားများကြိုတင်မဲပေးနေသည်ကို တွေ့ရစဉ်။ (ဓာတ်ပုံ - ဘိုဘို၊ မဇ္စျိမ)

မန္တလေး၊ နိုဝင်ဘာ ၆ ။          ။ မန္တလေးခရိုင် အောင်မြေသာစံမြို့နယ်၊ ချမ်းအေးသာစံမြို့နယ်နှင့် ပုသိမ်ကြီးမြို့နယ်ရှိ မဲဆန္ဒရှင်အချို့ မဲစာရင်းတွင် မပါဝင်သည့်အတွက် ကြိမ်ကြိမ် ပုံစံ ၃(က)ဖြင့် ပြင်ဆင်ခဲ့သော်လည်း နောက်ဆုံးအကြိမ်အထိ မပါခဲ့၍ နိုင်ငံသားအခွင့်အရေး ဆုံးရှုံးရပြီဟု မိသားစုလိုက် မဲစာရင်းတွင် မပါသူ အောင်မြေသာစံမြို့နယ်၊ အမရဌာနီရှေ့ရပ်ကွက်မှ ကိုကျော်ကြီးက မဇ္ဈိမကို ပြောသည်။
 
“ကျွန်တော်တို့ ပထမအကြိမ်မပါလို့ ပြန်လျောက်တယ်။ ဒုတိယအကြိမ် ထုတ်ပြန်တော့လည်းမပါဘူး။ ဒါနဲ့ ကျွန်တော်တို့ ရပ်ကွက်က ရွေးကော်ကိုပြောတော့ ပြန်တင်ပေးမယ်။ နောက်ကြိမ်ထုတ်ရင်ပါမှာ ပါ။မစိုးရိမ်ပါနဲ့လို့ပြောခဲ့တယ်။ ပုံစံ ၃ (က) နဲ့ ဖြည့်ဆိုလို့ဖြည့်ပေးခဲ့တယ်။ သူ့လက်ထဲ ထည့်ပေးခဲ့တယ်။ဒါပေမယ့် အခုချိန်ထိ ကျွန်တော်တို့ အမည်စာရင်းပါမလာဘူး။ သူ့ကိုမေးတော့ တင်လိုက်တယ်ပြော တယ်။ အခုချိန်မှ ဘာမှလုပ်မရတော့ဘူးလို့ ပြောလွှတ်တယ်။" ဟု ကိုကျော်ကြီး က ပြောသည်။

အလားတူ အောင်မြေသာစံမြို့နယ်၊ ဥပုသ်တော်ရပ်ကွက်တွင်လည်း မဲစာရင်းတွင် မပါဝင်ခဲ့၍ ပြန်လည်တင်ပြခဲ့သော်လည်း နောက်ဆုံးအကြိမ်အထိ မပါဘဲ ဖြစ်နေသူများ ရှိနေသည်။

မိသားစု ၆ ဦးတွင် နှစ်ဦးသာ မဲစာရင်းတွင် ပါဝင်ခဲ့သူ ဦးဝင်းမြင့်ကလည်း “ကျွန်တော်တို့ လင်မယား နှစ်ယောက်ပဲပါတယ်။ သားတွေနဲ့ သမီးတွေပါမလာဘူး" ဟု ပြောသည်။

ထိုသို့ မဲစာရင်းမပါသည့် ဖြစ်စဉ်များမှာ မန္တလေး၊ ချမ်းအေးသာစံမြို့နယ် နှင့် ပုသိမ်ကြီးမြို့နယ်တို့တွင် ဖြစ်နေပြီး ပုသိမ်ကြီးမြို့နယ်တွင် ပိုများသည်ဟု မဲစာရင်းပါမပါ ကူညီကြည့်ပေးနေသည့် ကိုမျိုးနှင့် သူငယ်ချင်းများအဖွဲ့က ကိုကျော်စွာက ပြောသည်။

"တစ်ချို့က မဲစာရင်းမှာ ကိုယ့်နာမည်ပါမပါ မကြည့်တတ်ဘူး။ အခက်အခဲလေးတွေရှိတယ်။ဒါကိုကူညီတဲ့အနေနဲ့ရှာပေးတယ်။ လိုတာလေးတွေ ကူညီပေးတယ်။ အဖွဲ့ကြီးရယ်လို့ မဟုတ်ပါဘူး။ သူငယ်ချင်းတွေစုပြီး ကူညီတဲ့သဘောပါ။ တစ်ချို့က မပါလို့လာပြောတာတွေရှိတယ်။ သူတို့ကို သေချာပြန်ရှာပေးတယ်။ သူတို့ပြောသလိုမတွေ့တာများတယ်။ အတော်များများကတော့ မဲစာရင်း ပါကြပါတယ်။ တစ်ချို့တစ်လေတော့မပါဘူး"ဟုပြောသည်။

အောင်မြေသာစံမြို့နယ်၊ ဥပုသ်တော်ရပ်ကွက် ရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ ဦးတင်ထွန်းက “အခု မဲစာရင်းမှာ မပါတာတွေကတော့ ပထမ အမှားဆုံးသူကတော့ မဲဆန္ဒရှင်တွေပဲ။ ကြည့်ပါ။ ပြင်ကြပါ ဆိုတုန်းက ဘာမှ လာမလုပ်ကြဘူး။ အခုကြမှ မပါဘူး လာလုပ်တော့ ကျွန်တော်တို့ ဘာမှ လုပ်ပေးလို့မရတော့ဘူး။ ဒုတိယ အမှားအများဆုံးကတော့ ခရိုင်နဲ့ တိုင်းကော်မရှင်တွေပေါ့ဗျာ။ သူတို့ဘာမှ မသိဘူး။ ကျွန်တော်တို့ပဲ ဖြစ်နေပျက်နေတဲ့ အခက်အခဲကို သိတယ်။ ဒါတွေပြောပြနေရင် ကုန်မှာမဟုတ်ဘူး။" ဟု ပြောသည်။

မဲစာရင်းအမှားများနှင့် ပတ်သက်၍ ပြည်ထောင်စု ကြံ့ခိုင်ရေး နှင့် ဖွံ့ဖြိုးရေးပါတီက တာဝန်ရှိသူတစ်ဦးက “ဒါတွေက ကျွန်တော်တို့ပါတီနဲ့ မဆိုင်ပါဘူး။ ရွေးကောက်ပွဲ ကော်မရှင်နဲ့ပဲ ဆိုင်ပါတယ်" ဟုပြောသည်။

NLD တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်လောင်း ဒေါက်တာဇော်မြင့်မောင်က “ကျွန်တော်တို့လည်း အောင်နိုင်ရေးအတွက်လုပ်ရ။ ဒီမဲစာရင်းကိစ္စတွေလည်း အတတ်နိုင်ဆုံး လုပ်နေတယ်။ အခုဖြစ်နေတာတွေကို ရွေးကော်က ဖြေရှင်းပေးတာမရှိသေးဘူး။"ဟု ပြောသည်။

အဆိုပါမြို့နယ်ရပ်ကွက်များတွင် မိသားစုလိုက် မဲစာရင်းတွင် မပါဝင်သူ ရာချီရှိသည်ဟုလည်း ကာယကံရှင်များ၏ ပြောစကားများအရ သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly