ကင်ဆာနှင့်ကိုဗစ်-၁၉ နှစ်မျိုးပေါင်းရောဂါက အန္တရာယ်များဟု လေ့လာမှုအသစ်များအရ သိရ

ကင်ဆာနှင့်ကိုဗစ်-၁၉ နှစ်မျိုးပေါင်းရောဂါက အန္တရာယ်များဟု လေ့လာမှုအသစ်များအရ သိရ

မေ ၂၉

ကိုရိုနာဗိုင်းရပ်စ်သည် အတိတ်နှင့်ပစ္စုပ္ပန်ကာလအချိန်၌ ကင်ဆာရောဂါခံစားရသူများအတွက် မည်မျှ အန္တရာယ်များကြောင်း သုတေသနအသစ်များက  သာဓကပြလျက်ရှိသည်။ ကင်ဆာရောဂါခံစားနေရသော ကိုဗစ်-၁၉ လူနာသည် ကင်ဆာရောဂါမရှိသော ကိုဗစ်-၁၉ လူနာထက် တစ်လအတွင်းသေဆုံးနိုင်ခြေရှိကြောင်း လေ့လာမှုနှစ်ခုက တွေ့ရှိထားသည်။

အမေရိကန်၊ ယူကေ၊စပိန်နှင့်ကနေဒါတို့တွင် ကိုဗစ်-၁၉ ကြောင့် သေဆုံးသူများသည် အဆိုပါရောဂါနှစ်မျိုးစလုံးခံစားနေရသူများ ဖြစ်ကြသည်။ လေ့လာမှုတစ်ခုတွင် လက်ရှိကင်ဆာရောဂါရှိသူနှင့် ကင်ဆာဖြစ်ဖူးသူ ကိုဗစ်-၁၉ လူနာ ၉၂၈ ဦး၏ ထက်ဝက်ကို ဆေးရုံတင်ခဲ့ရပြီး ၁၃ % သေဆုံးခဲ့သည်။ ထိုနှုန်းသည် သာမန်လူများ သေဆုံးနှုန်းထက် ပိုများသည်။ လေ့လာမှုရလဒ်များကို ကြာသပတေးနေ့ထုတ် Lancet ဆေးပညာသုံးသပ်ချက်ဂျာနယ် တွင် ဖော်ပြခဲ့ပြီး အွန်လိုင်းဆွေးနွေးပွဲ American Society of Clinical Oncology အစီအစဉ်၌ ယခုသီတင်းပတ်တွင်ဆွေးနွေးသွားမည်ဖြစ်သည်။

အင်္ဂလန်မှသုတေသီများသည် ကင်ဆာအမျိုးမျိုးခံစားနေရသော ကိုဗစ်-၁၉ လူနာ ၈၀၀ ကို လေ့လာကြည့်ရာ သေဆုံးမှုပိုမိုမြင့်မားခဲ့ပြီး ၂၈ % ရှိကြောင်း တွေ့ရှိခဲ့သည်။ ထိုသို့ အန္တရာယ်ပိုများခြင်းမှာ အသက်အရွယ်နှင့် သွေးတိုးရောဂါကဲ့သို့သော ကျန်းမာရေးပြဿနာများနှင့်လည်း သက်ဆိုင်သည်။

အမေရိကန်တွင် နှစ်စဉ် ကင်ဆာရောဂါအသစ်ဖြစ်ပွားမှု ၁.၆ သန်းထက်မနည်းရှိပြီး အမေရိကန်သန်းပေါင်းများစွာသည် လက်ရှိအချိန်တွင် ကုသမှုခံယူနေရကာ ပြန်လည်ကျန်းမာလာသူ သန်း ၂၀ ခန့်ရှိကြောင်း လေ့လာမှုများ တွင် ဖော်ပြထားသည်။

ပိုမိုကြီးမားသောလေ့လာမှုတစ်ရပ်ကို ဦးဆောင်ခဲ့သော Vanderbilt University မှ Dr. Jeremy Warner က ရလဒ်များသည် ကင်ဆာဝေဒနာရှင်များစွာအတွက် ဆေးရုံများက ဂရုတစိုက်စောင့်ရှောက်မှုနှင့် ကင်ဆာရောဂါ အခံရှိသူကို ယခုအချိန်တွင် ပိုမိုအလေးထားရန်လိုအပ်မှု စသည့် အမြော်အမြင်ရှိသောစီမံချက်အပေါ်မူတည်သည်ဟု ဆိုသည်။

“သူတို့မှာ ကိုဗစ်-၁၉ ရောဂါသာမရှိရင် ရောဂါကူးစက်မခံရအောင် သူတို့တတ်နိုင်တာ ဘာမဆိုလုပ်ချင်ကြမှာပါ” ဟု Warner က ပြောသည်။

ဖီလာဒဲလ်ဖီးယားမှ  Luciano Orsini ဆိုသူသည် နိုင်ငံတွင်း ဗိုင်းရပ်စ်ကူးစက်မှုမြင့်တက်နေချိန်တွင် ရောဂါကူးစက်မှုရှောင်ရှားနိုင်ရန် Fox Chaser Center တွင်ပြုလုပ်မည့် ခွဲစိတ်မှုကို တစ်လခန့်ရွှေ့ဆိုင်းခဲ့ရသည်။ Orsini သည် ကင်ဆာကြောင့် ကျောက်ကပ်တစ်လုံးဆုံးရှုံးထားရပြီး ကျန်ရှိသည့်ကျောက်ကပ်ပေါ်ရှိ ကင်ဆာအကျိတ်များကို ဖယ်ရှားရန် ထိုခွဲစိတ်မှုအတွက် စိတ်အားထက်သန်နေခဲ့သူဖြစ်သည်။ ဧပြီ ၂၉ ရက် ခွဲစိတ်မှုမပြုခင်ညအထိ ဗိုင်းရပ်စ်စစ်ဆေးမှု အကြိမ်များစွာပြုလုပ်ခဲ့သည်။

“ အချိန်ကိုစောင့်နေရတာ နည်းနည်းတော့ ကြောက်လန့်ခဲ့တာပေါ့။ နာရီကိုပဲ မပြတ်ကြည့်နေမိခဲ့တယ်” ဟု Orsini က ပြောသည်။ ယခုအခါ Orsini သည် နယူးဂျာစီ ရှိ Sicklerville မြို့က အိမ်တွင် ကျန်းမာရေးပြန်လည် ကောင်းမွန်လာပြီဖြစ်ပြီး စမ်းသပ်စစ်ဆေးမှုအရ ဗိုင်းရပ်စ်ခံရခြင်းလည်းမရှိဟု ဆိုသည်။

“ကပ်ရောဂါကြောင့် ကင်ဆာရောဂါကုသမှုစနစ်အပေါ် လိုအပ်ချက်တွေအများကြီးဖြစ်ပေါ်စေခဲ့တယ်။ ဆေးရုံ၊ ဆေးခန်းတွေသွားရတာကို နည်းနိုင်သမျှနည်းအောင် ကျွန်တော်တို့ ကြိုးစားပေးနေကြပါတယ်။

ကင်ဆာဝေဒနာရှင်တွေနဲ့ အဆုတ်ရောဂါရှိသူတွေ သတိဝီရိယပိုထားပါ။ သီးသန့်နေပါ။ အိမ်မှာပဲနေကြပါ။ မိသားစုတွေနဲ့အတူ ဂရုတစိုက်နေပါ”  ဟု တန်နက်စီပြည်နယ် Nashville ရှိ Sarah Cannon Research Institute မှ အကြီးအကဲနှင့် ကင်ဆာအဖွဲ့အစည်း ဥက္ကဋ္ဌဖြစ်သူ Dr. Howard Burris က ပြောသည်။

Warner ၏လေ့လာမှုတွင်ပါဝင်သော ကင်ဆာရောဂါကုသနေသူ ထက်ဝက်နီးပါး သည် ကိုဗစ်-၁၉ ကူးစက်ခံထားရသူများဖြစ်သည်။ တခြားကင်ဆာဝေဒနာရှင်များမှာ ကုသမှုပြီးသူများ၊ ကုသမှု မစရသေးသူများ၊ စောင့်ကြည့် ဆဲလူနာများနှင့် ကင်ဆာရောဂါဖြစ်ဖူးသူများဟု ဆိုသည်။ တချို့သော ကင်ဆာကုသမှုများသည် နောက်နှစ်များတွင် အဆုတ်သို့မဟုတ် ကိုယ်ခံအားစနစ်ကို သက်ရောက်ခြင်းနှင့် ကိုရိုနာဗိုင်းရပ်စ် ရှင်သန်နိုင်စွမ်းကို အကျိုး သက်ရောက်ခြင်း စသည့်ဖြစ်ရပ်များကြောင့် သုတေသနပြုရာတွင် အုပ်စုအားလုံးကို ထည့်သွင်းထားသည်ဟု Warner က ရှင်းပြသည်။

သေဆုံးသူများတွင် ၁၇ % က အမျိုးသားများဖြစ်ပြီး အမျိုးသမီးက ၉ % သာရှိသောကြောင့် အမျိုးသားသေဆုံးနှုန်းပိုများဟန်ရှိသည်။ အကြောင်းမှာ အမျိုးသမီးများသည် အများဆုံးတွေ့ရလေ့ရှိသော ရင်သားကင်ဆာ ဝေဒနာရှင်များဖြစ်ကြပြီး အသက်အရွယ်အားဖြင့်ငယ်ကြကာ ကျန်းမာရေးပြဿနာများလည်း နည်းပါးသောကြောင့်ဖြစ်သည်။  ကင်ဆာဝေဒနာရှင်အမျိုးသားများမှာ အသက်ကြီးပိုင်းတွင် အဖြစ်များကြပြီး ဆေးလိပ် သောက်ခြင်းကိုလည်း အမျိုးသားများအကြားတွင် ပိုတွေ့ရသောကြောင့်ဖြစ်သည်။

ငှက်ဖျားရောဂါဆေး hydroxychloroquine နှင့် ပဋီဇီဝဆေး azithromycin များကို သောက်သုံးသော လူနာများသည်လည်း သေဆုံးနိုင်ခြေပိုများသည်ဟု ထင်မြင်ယူဆရသည်။ သို့သော် အခြေအနေပိုဆိုးသောလူနာများ ထိုဆေးသောက်ခြင်းကြောင့်လည်း ဖြစ်နိုင်ပေသည်။ လေ့လာမှုတွင် ပါဝင်သူ ၉၂၈ ဦးတွင် hydroxychloroquine သောက်သူ ၈၉ ဦးနှင့် နှစ်မျိုးပေါင်းသောက်သူ ၁၈၁ ဦးရှိသည်။

ဆေးနှစ်မျိုးသောက်သောလူနာ သေဆုံးမှုနှုန်းသည် ၂၅ % ရှိပြီး တစ်အုပ်စုလုံးအတွက် သေဆုံးနှုန်း ၁၃ % နှင့်စာလျှင် နှစ်ဆရှိသည်ဟု Warner က ပြောသည်။

“အကျိုးအကြောင်းတွေ ရှိလားဆိုတာတော့ ကျွန်တော်တို့မသိရသေးပါဘူး။ ဒီလိုလေ့လာမှုတွေက  ဆက်စပ်မှုရှိလားဆိုတာ သက်သေမပြနိုင်ပါဘူး” ဟု Warner  က အလေးထားပြောဆိုခဲ့သည်။ hydroxychloroquine တစ်မျိုးတည်းသောက်သုံးမှုသည် သေဆုံးမှုမြင့်မားခြင်းနှင့် သိသိသာသာ ဆက်စပ်မှုမရှိသော်လည်း ဤနည်းလမ်းဖြင့် ဆေးသောက်သုံးသောလူနာ နည်းပါးသည်။ ယခုအခါ လေ့လာမှုအတွက် စာရင်းသွင်းထားသူ လူနာ ၂ ၀၀၀ ကျော်ရှိပြီး နောက်တစ်ကြိမ်စိစစ်လေ့လာမှုတွင်  အခြေအနေ တူညီမှု ရှိ / မရှိ ကြည့်ရဦးမည်ဟု Warner က ပြောသည်။  

၂၇၀ ဦးအနက် နှစ်ဦးကို ဆေးသောက်စေပြီး လက်တွေ့စမ်းသပ်မှုပြုလုပ်ကြည့်ရာ ဘေးထွက်ဆိုးကျိုး အလားအလာရှိနိုင်သောကြောင့် Warner အတွက် အင်မတန် သိသာသည့် စမ်းသပ်မှုဖြစ်ခဲ့သည်ဟုဆိုသည်။

hydroxychloroquine စမ်းသပ်နေသော ဂရုတစိုက်လုပ်သည့်လေ့လာမှုများတွင်  ကင်ဆာဝေဒနာရှင်များမပါဝင်ခဲ့ပါက ထိုဆေးကို မိမိသဘောနှင့် မသောက်ကြရန် Warner က အကြံပေးခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required