မြောက်ကိုရီးယား နိုင်ငံပိုင်ဘဏ်နှင့် အစိုးရအရာရှိဟောင်းများကို အရေးယူမှုများ အမေရိကန် လုပ်ဆောင်

မြောက်ကိုရီးယား နိုင်ငံပိုင်ဘဏ်နှင့် အစိုးရအရာရှိဟောင်းများကို အရေးယူမှုများ အမေရိကန် လုပ်ဆောင်

မေ ၂၉

ပြုံယမ်း၏ နျူကလီးယား လက်နက်များနှင့် ဒုံးကျည် ပရိုဂရမ်တို့အတွက် ဒေါ်လာ ၂ ဒသမ ၅ ဘီလီယံကျော် တန်ဖိုးရှိ ဥပဒေနှင့်မညီညွတ်သော ငွေပေးချေမှုများကို ဖြစ်မြောက်အောင် ပံ့ပိုးပေးခဲ့မှုဖြင့် မြောက်ကိုရီးယား နိုင်ငံသား ၂၈ ဦးနှင့် တရုတ်နိုင်ငံသား ငါးဦးတို့ကို အမေရိကန်အစိုးရက တရားစွဲဆိုထားသည်။

ယင်းကို တရုတ်၊ ရုရှား၊ လစ်ဗျားနှင့် ထိုင်း အပါအ၀င် နိုင်ငံများမှ စီမံခန့်ခွဲနေသော ပုန်းလျှိုးကွယ်လျှိုး လုပ်ဆောင်နေခဲ့သည့် ကမ္ဘာလုံးဆိုင်ရာ ကွန်ရက်တစ်ခုအဖြစ် အဆိုပါ တရားရုံး စာရွက်စာတမ်းများတွင် ဖော်ပြထား သည်။

ကိုလံဘီယာခရိုင် (ဒီစီ) တွင် ပြီးခဲ့သည့် မေလ ၂၈ ရက်က ဖွင့်ချခဲ့သော စာမျက်နှာ ၅၀ ပါ ဖက်ဒရယ် စွဲချက်တင်မှု တစ်ခုတွင် အမေရိကန် တရားရေးဌာနက ယခု စွဲချက်တင်ခံရသူ တစ်ဦးတစ်ယောက်ချင်းစီတိုင်းသည် မြောက်ကိုရီးယား နိုင်ငံခြားကုန်သွယ်မှုဘဏ် (FTB) ၏ အေးဂျင့်များအဖြစ် ထမ်းဆောင်ခဲ့ကြကြောင်း စွပ်စွဲထားခဲ့သည်။

ယင်းသည် အမေရိကန်၏ တရားစွဲဆိုမှုကို ခံရသည့် အကြီးမားဆုံးသော မြောက်ကိုရီးယားဆန်ရှင်ချိုးဖောက်မှုများပင် ဖြစ်ကြောင်း တာဝန်ရှိသူများက ပြောသည်။

FTB သည် မြောက်ကိုရီးယား၏ အဓိက နိုင်ငံခြားငွေကြေးဘဏ် ဖြစ်ပြီး နျူကလီးယားဆိုင်ရာ တစ်ဟုန်ထိုး တိုးပွားစေခြင်းကို ပံ့ပိုးပေးခြင်းအတွက် ဆန်ရှင်ချမှတ်ခံထားရသည်။

FTBအတွက်အလုပ်လုပ်ပေးသည့်အေးဂျင့်များသည် ကမ္ဘာတစ်၀န်း အပြင်ဗန်းပြ ကုမ္ပဏီ ၂၅၀ ကျော် ထူထောင်ခဲ့သည်ဟု သိရပြီး ကမ္ဘာတစ်၀န်း ဘဏ်ခွဲများကိုလည်း အမေရိကန် ဘဏ္ဍာရေးစနစ်ကို ဖြတ်ကျော်သည့် ပုန်းလျှိုးကွယ်လျှိုး ငွေပေးချေမှုများ လုပ်ဆောင်သည့် နေရာများအဖြစ် ပြောင်းလဲခဲ့သည်ဟု သိရသည်။ ၎င်းတို့သည် တရုတ် ဘဏ်တချို့ကနေ တစ်ဆင့် လုပ်ဆောင်ခဲ့သလို Huawei Technologies Co. နှင့် ZTE Corp. တို့ကဲ့သို့ တရုတ် တယ်လီကွန်မြူနစ်ကေးရှင်း ကုမ္ပဏီများထံမှ တပ်ဆင်ပစ္စည်းများအတွက် လုပ်ဆောင်ခဲ့ကြကြောင်း တရားစွဲဆိုသည့်အထောက်အထားများတွင် ဖော်ပြထားသည်။

တရားစွဲဆိုခံရသူများအနက် FTB ၏ ဥက္ကဋ္ဌဟောင်းနှစ်ဦးဖြစ်သည့် Ko Chol Man နှင့် Kim Song Ui ၊  ဒုဥက္ကဋ္ဌဟောင်းနှစ်ဦးဖြစ်သည့် Han Ung နှင့် Ri Jong Nam တို့ အပြင် ထိုင်းနိုင်ငံရှိ FTB ၏ ပြောင်းလဲထားသော ဘဏ်ခွဲကို ကိုင်တွယ်စီမံခဲ့ပြီး မြောက်ကိုရီးယား၏ အဓိက ထောက်လှမ်းရေး အေဂျင်စီတွင် တာဝန်ထမ်းခဲ့သည့် Han Ki Song လည်း ပါဝင်ကြောင်း သိရသည်။

“ဒီ စွဲချက်တင်မှုကနေတစ်ဆင့် အမေရိကန်အနေနဲ့ အမေရိကန်ဘဏ္ဍာရေးစနစ်ကို မြောက်ကိုရီးယားတို့ တရားမ၀င် ၀င်ရောက်အသုံးပြုနိုင်မှုတွေအပေါ် တားဆီးဖို့ ကတိက၀တ်တွေကို ဖော်ညွန်းခဲ့တာဖြစ်ပါတယ်၊ နောက်ပြီး မြောက်ကိုရီးယားရဲ့ အစုအလိုက်အပြုံလိုက်သေကျေစေတဲ့ တရားမ၀င်တဲ့ လက်နက် ပရိုဂရမ်ကို အရှိန်မြင့်သွားစေမယ့် ဒီလို ဥပဒေနဲ့ မညီတဲ့ လုပ်ရပ်တွေကနေ အမြတ်အစွန်းတွေ အသုံးချသွားနိုင်တဲ့အပေါ် ကန့်သတ်သွားဖို့ လည်း အမေရိကန်ဘက်က စိတ်ပိုင်းဖြတ်ထားပြီးဖြစ်ပါတယ်” ဟု ကိုလံဘီယာခရိုင်ဆိုင်ရာ ခေတ္တ အမေရိကန်ရှေ့နေ Michael Sherwin က ထုတ်ပြန်သွားခဲ့သည်။

မြောက်ကိုရီးယားအနေဖြင့် နိုင်ငံခြားငွေကြေး ရရှိနိုင်ရန်အလို့ငှာ ဥပဒေနှင့် မညီသည့် ရေနံ၊ လက်နက်၊ ကျောက်မီးသွေး စာချုပ်များ ပါဝင်သည့် ကမ္ဘာလုံးဆိုင်ရာ ကွန်ရက်တစ်ခုကို ဖြစ်မြောက်အောင် ပံ့ပိုးပေးနိုင်ရန် နိုင်ငံပိုင်ဘဏ်များနှင့် နိုင်ငံရပ်ခြားရှိ အခြားဘဏ်များမှ အေးဂျင့်များကို အသုံးပြုပြီး ဆန်ရှင်များကို ကျယ်ကျယ်ပြန့်ပြန့် ချိုးဖောက်နေကြောင်း ကုလသမဂ္ဂ ပညာရှင်များက အသေးစိတ်ထုတ်ဖော်ခဲ့ပြီးနောက် ယခုကဲ့သို့ အမေရိကန်၏ ကြီးမားသည့် ဥပဒေစိုးမိုးရေး လုပ်ဆောင်ချက် ထွက်ပေါ်လာခဲ့ခြင်း ဖြစ်သည်။

နိုင်ငံရပ်ခြားတွင် မှတ်ပုံတင်လုပ်ဆောင်ခြင်းများ၊ သင်္ဘောအချင်းချင်း လွှဲပြောင်းမှုများ၊ အတိုင်းအတာကြီးမားသည့် cryptocurrency (ဒစ်ဂျစ်တယ်ငွေကြေး) ဖောက်ထွင်းခြင်းများ၊ (ransomware) ကွန်ပျူတာ ဗိုင်းရပ်စ်ဆိုင်ရာ ငွေညှစ်တိုက်ခိုက်ခြင်းများကနေတစ်ဆင့် အဆိုပါ အားထုတ်မှုများသည် ပိုမို ကြီးထွားလာခဲ့ကြောင်း သိရသည်။

ယခု တရားရေးဌာန၏ လုပ်ဆောင်ချက်များကို ကြည့်မည်ဆိုပါက ပြုံယမ်း၏ နျူကလီးယား ဒုံးနှင့် လက်နက်ဆိုင်ရာ လုပ်နိုင်စွမ်းများကို ဖယ်ရှားရှင်းလင်းမည့် ၀ါရှင်တန်၏ အရှိန်သေနေသော သံတမန်ဆိုင်ရာ အားထုတ်မှုကို မီးမောင်းထိုးပြသနေကြောင်း အကဲဖြတ်လေ့လာသူများက ပြောသည်။

ထို့ပြင် ရှိရင်းစွဲ အမေရိကန်၏ ဖိအားပေးမှု နည်းလမ်းများကို ထိထိရောက်ရောက် အကျိုးသက်ရောက်စေခြင်း မရှိပါက သမ္မတ ဒေါ်နယ်ထရမ့်ဘက်က တင်းမာသည့်ဆန်ရှင်များထိန်းထားပြီးကင်ဂျုံအန်းနှင့်ပုဂ္ဂိုလ်ရေးဆိုင်ရာ ဒီပလိုမေစီအပေါ် အာရုံစိုက်မှုက အောင်မြင်နိုင်သလား ဆိုပြီး အမေရိကန်ရွေးကောက်ပွဲနှစ် ပြည်တွင်း ဆွေးနွေးမှုတစ်ခုကို ယခုလုပ်ဆောင်ချက်များက ထင်ဟပ်နေကြောင်း အကဲဖြတ်များက ပြောသည်။

ဆွေးနွေးမှုများ မစတင်ခင် ပြုံယမ်းကို ဖိအားပေးမည့် ကမ္ဘာလုံးဆိုင်ရာ ပူးပေါင်းမှုအဖွဲ့ တစ်ခု တည်ဆောက်ရာတွင် ထရမ့်အစိုးရသည် ယခင်အစိုးရများထက် တစ်ပန်းသာခဲ့သည်။ သို့သော် ဆန်ရှင်များ ပြဋ္ဌာန်းမှုအပိုင်း၏ အကြီးမားဆုံး ဟာကွက်သည် မြောက်ကိုရီးယား၏ ဥပဒေနှင့်မညီသော ငွေကြေးစီးဆင်းမှုများ ရှိနေသည့် တရုတ် အဓိကဘဏ်များကို ပြစ်ဒဏ်ပေးရန် အမေရိကန်အစိုးရက ၀န်လေးမှုများ ဆက်ရှိနေခြင်းဖြစ်သည်။

ဥပဒေနှင့် မညီညွတ်သော ကွန်ရက်ကို ဖြစ်မြောက်အောင် တရုတ်ဘက်က ပံ့ပိုးပေးထားခဲ့သည်ဟု အမေရိကန်အစိုးရက အတိုင်းအတာတစ်ရပ်အထိ ယုံကြည်ထားကြောင်း ယခု စွဲဆိုချက်တွင် ဖော်ပြထားသည်။

ထို့ပြင် Shenyang နှင့် လစ်ဗျားအပါအ၀င် FTB ဘဏ်ခွဲများ ပြောင်းလဲမှုကို တရုတ်နိုင်ငံသား ငါးဦးက ကြီးကြပ်ခဲ့သည်ဟုလည်း ယင်းက ဖော်ပြသည်။

“ ဒါကို ကြည့်မယ်ဆိုရင် မြောက်ကိုရီးယားအပေါ် ချမှတ်ထားတဲ့ ဆန်ရှင်တွေကို ကင်ဂျုံအန်း ချိုးဖောက်နိုင်အောင် တရုတ်အစိုးရဘက်က တမင် ကူညီပေးနေတဲ့ နောက်ထပ် အထောက်အထားတစ်ခုကို တွေ့နိုင်မှာ ဖြစ်ပါတယ်” ဟု မြောက်ကိုရီးယား ဆန်ရှင်များကို အားကောင်းစေခဲ့သည့် ၂၀၁၆ ဥပဒေ ရေးဆွဲရာတွင် ကူညီခဲ့သူ Joshua Stantan က ပြောသွားခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly