ရခိုင်ပြည်နယ် ရသေ့တောင်မြို့နယ်ရှိ ရဲကင်းစခန်းအား ရခိုင်တပ် AA ဝင်တိုက်

ရခိုင်ပြည်နယ် ရသေ့တောင်မြို့နယ်ရှိ ရဲကင်းစခန်းအား ရခိုင်တပ် AA ဝင်တိုက်

နေပြည်တော်၊ မေ ၂၉

ရခိုင်ပြည်နယ်၊ရသေ့တောင်မြို့နယ်ရှိ သဇင်မြိုင် ရဲကင်းစခန်းကို AA လက်နက်ကိုင် အဖွဲ့မှ မေလ(၂၉)ရက်နေ့ နံနက်(၂)နာရီခန့်တွင် အင်အားအလုံးအရင်းဖြင့် ဝင်ရောက်တိုက်ခိုက်ရာ ရဲတပ်ဖွဲ့ဝင်(၁၀)ဦးနှင့် ရဲမိသားစုဝင်(၃)ဦး ပျောက်ဆုံးနေကြောင်း တပ်မတော်က သတင်းထုတ်ပြန်သည်။

“နိုင်ငံတော်တရားဥပဒေစိုးမိုးရေးအဖွဲ့ဖြစ်တဲ့ရဲစခန်းနဲ့ရဲတပ်ဖွဲ့ဝင်တွေကို လာရောက်တိုက်ခိုက်တာဟာ စစ်ရာဇဝတ်မှုကို ကျူးလွန်လိုက်တာပဲ ဖြစ်တယ်”ဟု တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့ အတွင်းရေးမှူး ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက ပြောသည်။

ရခိုင်တပ် AA သည် သဇင်မြိုင် ရဲကင်းစခန်းကို လက်နက်ကြီး လက်နက်ငယ်များ အသုံးပြုကာ အင်အား (၁၀၀)ခန့်ဖြင့် လာရောက်တိုက်ခိုက်ခြင်းဖြစ်ကာ ရဲတပ်ဖွဲ့စခန်းမှ အင်အားမမျှသဖြင့် အနီးရှိ ကာကင်းကုန်း ရဲစခန်းသို့ စခန်းစွန့်ခွာ သွားရောက်ပူးပေါင်းခဲ့ကြောင်း တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။

တပ်မတော်အနေဖြင့် ထိရောက်သည့် တန်ပြန်အကြမ်းဖက်မှု တိုက်ဖျက်ရေး စစ်ဆင်ရေးကို ပြန်လည်ဆောင်ရွက်သွားမည်ဟု ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက ဆိုသည်။

AA အနေဖြင့် ရခိုင်ပြည်နယ်အတွင်း စစ်ဖက်ပစ်မှတ်မဟုတ်သည့် ရဲတပ်ဖွဲ့စခန်း၊ရဲကင်းစခန်းများကို အကြိမ်ကြိမ်သွားရောက်တိုက်ခိုက်ခဲ့ပြီး ၂၀၁၉ခုနှစ် ဇန်နဝါရီလ(၄)ရက်နေ့ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့နယ်ရှိ ကထီးလှ၊ငမြင်းဘော်၊ဂုပ္မိ နှင့် ကျောက်တောင် ရဲကင်းစခန်း(၄)ခုကို လည်းကောင်း၊မတ်လ(၉)ရက်နေ့တွင် ပုဏ္ဏားကျွန်း မြို့နယ်ရှိ ယိုးတရုတ် ရဲကင်းစခန်းကို လည်းကောင်း၊ဧပြီလ(၁၀)ရက်နေ့တွင် မြောက်ဦးမြို့ရှိ ရဲတပ်ရင်းဌာနချုပ်ကို လည်းကောင်း၊ဇူလိုင်(၁၆)ရက်နေ့တွင် ဘူးသီးတောင်မြို့နယ်ရှိ ညောင်ချောင်းနယ်မြေရဲကင်းစခန်းကို လည်းကောင်း၊ တိုက်ခိုက်ခဲ့ရာ ရဲတပ်ဖွဲ့ဝင်(၂၅)ဦး ကျဆုံးပြီး (၁၆)ဦး ဒဏ်ရာရရှိခဲ့ရာ ရဲတပ်ဖွဲ့ဝင်အချို့နှင့် ကလေးငယ်များအပါအဝင် ရဲတပ်ဖွဲ့မိသားစုဝင်များ ဖမ်းဆီးခံရကြောင်း တပ်မတော်က ထုတ်ပြန်ထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly