ခံတွင်းသန့်ဆေးရည်က ကိုဗစ်-၁၉ ရောဂါကို မကာကွယ်နိုင်သလို ဗိုင်းရပ်စ်ကိုလည်း မသေစေနိုင်

ခံတွင်းသန့်ဆေးရည်က ကိုဗစ်-၁၉ ရောဂါကို မကာကွယ်နိုင်သလို ဗိုင်းရပ်စ်ကိုလည်း မသေစေနိုင်

မေ ၂၇

COVID-19 အတွက် ကာကွယ်ဆေး သို့မဟုတ် ကုထုံးများမရှိသေးသည့်အတွက် လူများသည် ဗိုင်းရပ်စ်ကို နှိမ်နင်းရန် နည်းလမ်းအမျိုးမျိုးဖြင့် စမ်းသပ်မှုများ ပြုလုပ်နေကြသည်။ အချို့က ခံတွင်းသန့်ရှင်းစေရန် ရေနွေးကြမ်းပူပူကိုသောက်နေစဉ် တခြားသူများကလည်း နှာခေါင်းပေါက်အတွင်းသို့ မုန်ညင်းဆီလောင်းထည့်နေကြသည်။ သို့သော် ထိုနည်းများသည် ကူးစက်ရောဂါများကို ထိရောက်စွာနှိမ်နင်းနိုင်ကြောင်း ယခုအချိန်ထိ သက်သေပြနိုင်ခြင်းမရှိပေ။

မကြာသေးမီက ယူကေရှိ ကာဒစ်ဖ်တက္ကသိုလ်မှသုတေသီများက ဗိုင်းရပ်စ်ပိုးသတ်ရာတွင် ခံတွင်းသန့်ဆေးရည်၏ အထောက်အကူဖြစ်ပုံကို ပြောခဲ့ကြသည်။ သုတေသီများအဆိုအရ ခံတွင်းသန့်ဆေးရည်သည်  ဗိုင်းရပ်စ်ပိုး၏ အပြင်ဘက် အဆီအလွှာကို ပျက်စီးစေနိုင်ပြီး ရှင်သန်မှု ရပ်တန့်စေသည်ဟု ဆိုသည်။ သို့သော် စမ်းသပ်ပြွန်များနှင့် လက်တွေ့လေ့လာမှုအကန့်အသတ်ဖြင့်သာ လုပ်ဆောင်ထားခြင်းဖြစ်ပြီး လက်ရှိခံတွင်းသန့်ဆေးရည်၏ ထိရောက်မှုကို မစူးစမ်းရသေးပေ။

ခံတွင်းသန့်ဆေးရည်ဖြင့် အာလုတ်ကျင်းခြင်းသည် ကိုဗစ်-၁၉ ဗိုင်းရပ်စ်ကို မသေစေနိုင်ကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) က ထုတ်ပြန်ခဲ့ပြီးဖြစ်သည်။ ကိုရိုနာဗိုင်းရပ်စ်ကို တိုက်ဖျက်နိုင်သော ခံတွင်းသန့်ဆေးရည်၏ထိရောက်မှုကိုသက်သေပြထားသော လေ့လာမှုများလည်း မရှိသေးပါ။

ခံတွင်းသန့်ဆေးရည်အမျိုးမျိုး

ခံတွင်းသန့်ဆေးရည်သုံးခြင်းသည် သွားတိုက်ခြင်းနှင့် သွားကြားထိုးခြင်းကဲ့သို့ ခံတွင်းဆိုင်ရာ သန့်ရှင်းခြင်းနည်းလမ်းတစ်ခုဖြစ်သည်။ ခံတွင်းသန့်ဆေးရည်ကို လူအများအပြား နေ့စဉ် အသုံးပြုကြပြီး ဈေးကွက်တွင် အလှကုန်ဆိုင်ရာနှင့် ကုထုံးဆိုင်ရာ ခံတွင်းသန့်ဆေးရည်ဟူ၍ နှစ်မျိုးရှိသည်။

အလှကုန်အနေဖြင့်အသုံးပြုသော ရိုးရိုးခံတွင်းသန့်ဆေးရည်သည် ဆေးညွှန်းမလိုဘဲ ခံတွင်းအနံ့ဆိုးဖုံးရန် သုံးကြခြင်းဖြစ်ပြီး မနှစ်မြို့ဖွယ်အရသာဖြစ်သည်။

ကုထုံးဆိုင်ရာခံတွင်းသန့်ဆေးရည်သည် သွားဖုံးခွဲစိတ်ပြီးနောက် သွားဆရာဝန်များ အများအားဖြင့် ညွှန်းလေ့ရှိသည့် ဆေးဖြစ်ပြီး Cetylpyridinium chloride၊ chlorhexidine၊ လိုအပ်သောဆီ၊ ဖလိုရိုက်နှင့် ပါအောက်ဆိုဒ် စသည်တို့ပါဝင်သည်။

ခံတွင်းသန့်ဆေးရည်၏လုပ်ဆောင်ချက်

ရိုးရိုးခံတွင်းသန့်ဆေးရည်သည် ဆေးဘက်ဆိုင်ရာတန်ဖိုးမရှိဘဲ ခံတွင်းအနံ့ဆိုးရှင်းလင်းရန်အတွက်သာဖြစ်သည်။ သို့သော် ကုထုံးဆိုင်ရာ ခံတွင်းသန့်ဆေးရည်သည် အာခေါင်ရှိ ဘက်တီးရီးယား မျိုးကွဲများစွာကို သေစေနိုင်စွမ်းရှိသည်။ ကုထုံးဆိုင်ရာခံတွင်းသန့်ဆေးရည်တွင် အများအားဖြင့် Chlorhexidine digulconate ၀.၂ %  ပါဝင်သည်။

ကုထုံးဆိုင်ရာ ခံတွင်းသန့်ဆေးရည်တွင် ပါဝင်သော Cetylpridinium chloride သည် ခံတွင်းအနံ့ဆိုးကို လျော့နည်းစေပြီး chlorhexidine က သွားဖုံးရောင်ခြင်းကိုသက်သာစေသည်။ ဖလိုရိုက်သည် သွားအတွင်း ခေါင်းပေါက်များကို မဖြစ်အောင် တားဆီးပေးနိုင်သော အစွမ်းရှိပြီး ပါအောက်ဆိုဒ်က သွားကိုဖြူစေသော ဂုဏ်သတ္တိရှိသည်။

ကုထုံးဆိုင်ရာ ခံတွင်းသန့်ဆေးရည်သည် ပါးစပ်အတွင်း ဘက်တီးရီးယားပမာဏကို လျှော့ချနိုင်သော်လည်း ဗိုင်းရပ်စ်အပေါ် အကျိုးသက်ရောက်မှုရှိကြောင်း မပြသနိုင်သေးပေ။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly