ဟောင်ကောင်လေဆိပ်၌ Transit ဝန်ဆောင်မှုကို အကန့်အသတ်ဖြင့် ပြန်လည်စတင်တော့မည်

ဟောင်ကောင်လေဆိပ်၌ Transit ဝန်ဆောင်မှုကို အကန့်အသတ်ဖြင့် ပြန်လည်စတင်တော့မည်

မေ ၁၃

ဟောင်ကောင်သည် လာမည့်သီတင်းပတ်၌ အပြည်ပြည်ဆိုင်ရာလေဆိပ်တွင်  လေယာဉ်ခရီးစဉ်အပြောင်းအလဲ Transit ဝန်ဆောင်မှုအချို့ကို ပြန်လည်စတင်တော့မည်ဟု အုပ်ချုပ်ရေးမှူး ကာရီလမ်က  မေ ၂၆ ရက်တွင် ပြောကြားလိုက်သည်။

ဟောင်ကောင်လေဆိပ်သည် ကမ္ဘာပေါ်တွင် အစည်ကားဆုံးလေဆိပ်များအနက်တစ်ခုဖြစ်ပြီး ကမ္ဘာလုံးဆိုင်ရာ ကပ်ရောဂါပေါ်ပေါက်လာမှုကြောင့် ဆိုက်ရောက်မှုများနှင့်လေယာဉ်ခရီးစဉ်ပြေးဆွဲမှုများ ရပ်နားခဲ့ရသည်။

"မတ်လ ၂၅ ရက်နေ့ကတည်းက ဆိုင်းငံ့ထားခဲ့တဲ့ Transit ဝန်ဆောင်မှုတွေကို ဇွန် ၁ ရက်မှာ တစ်စိတ်တစ်ပိုင်း ပြန်လည်ဖွင့်လှစ်သွားမှာပါ" ဟု ကာရီလမ် က သတင်းထောက်များကို ပြောကြားခဲ့သည်။ လေယာဉ်ခရီးစဉ်ပြောင်းပေးမှု ပိတ်ပင်ထားခြင်းအပေါ် ရုပ်သိမ်းမှုအသေးစိတ်ကို မွန်းလွဲပိုင်း သတင်းစာရှင်းလင်းပွဲတွင် ကျန်းမာရေးတာဝန်ရှိသူများက ထုတ်ပြန်မည်ဟု မျှော်လင့်ရသည်။

ဟောင်ကောင်သည် တရုတ်ပြည်မကြီးပြင်ပ ကိုဗစ်-၁၉ ရောဂါဖြစ်ပွားရာ ဦးဆုံးနိုင်ငံများအနက် တစ်နိုင်ငံဖြစ်သည်။ လူဦးရေ ၇.၅ သန်းရှိသည့်ဟောင်ကောင်တွင် ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရသူ ၁၀၀၀ ကျော်ရှိပြီး သေဆုံးသူ လေးဦးသာရှိသည်။

အင်္ဂါနေ့အထိဆိုလျှင် ၁၁ ရက် ဆက်တိုက် ဒေသတွင်းဗိုင်းရပ်စ်ကူးစက်မှုဖြစ်စဉ်အသစ်မတွေ့ရှိတော့ပေ။ လေဆိပ်ရောက်ရှိလာသူများကို ဗိုင်းရပ်စ် ရှိ/ မရှိ စစ်ဆေးပြီးမှ မြို့တွင်းသို့ဝင်ခွင့်ပေးကာ ပိုးတွေ့ရှိသူကို ချက်ချင်း ကန့်သတ်စောင့်ကြည့်မှု ပြုလုပ်သည်။

ကာရာအိုကေခန်းမများ၊ နိုက်ကလပ်များ၊ ချွေးထုတ်ခန်းများနှင့် ပါတီခန်းမများကို သောကြာနေ့တွင် ပြန်လည်ဖွင့်လှစ်ပေးသွားမည်ဟု ကာရီလမ်က ဆိုသည်။

အပြည်ပြည်ဆိုင်ရာလေဆိပ်ကောင်စီ၏ ထုတ်ပြန်ချက်အရ ဟောင်ကောင်လေဆိပ်သည် ၂၀၁၉ ခုနှစ်၌ အကြီးမားဆုံးလေကြောင်းကုန်စည်ပို့ဆောင်ရေးအချက်အချာနှင့် စတုတ္ထမြောက် ခရီးသည်အဝင်အထွက်အများဆုံး လေဆိပ်ဖြစ်ခဲ့ပြီး ကုန်စည် မက်ထရစ်တန်ချိန် ၄.၈ သန်းပို့ဆောင်ပေးခဲ့ရကာ နိုင်ငံတကာခရီးသည် ၇၁ သန်းကို ဝန်ဆောင်မှုပေးနိုင်ခဲ့သည်။

ပြီးခဲ့သည့်နှစ်က လပေါင်းများစွာ အစိုးရဆန့်ကျင်ဆန္ဒပြမှုများပေါက်ပေါက်ခဲ့သောကြောင့် လေယာဉ်ခရီးစဉ်နှင့် ဆိုက်ရောက်မှုများ ကျဆင်းသွားခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly