ဘင်္ဂလားဒေ့ရှ် ဒုက္ခသည်စခန်းများ၌ ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရသူ ၂၉ ဦးအထိ ရှိနေပြီး ရိုဟင်ဂျာ ၁၅,၀၀၀ ခန့်ကို ရောဂါခြေချုပ် ချထား

ဘင်္ဂလားဒေ့ရှ် ဒုက္ခသည်စခန်းများ၌ ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရသူ ၂၉ ဦးအထိ ရှိနေပြီး ရိုဟင်ဂျာ ၁၅,၀၀၀ ခန့်ကို ရောဂါခြေချုပ် ချထား

မေ ၂၆

ဘင်္ဂလားဒေ့ရှ်နိုင်ငံရှိ ကျယ်ပြောလှသော ဒုက္ခသည်ကမ့်စခန်းများ၌ ယခုအခါ ရိုဟင်ဂျာဒုက္ခသည် ၁၅,၀၀၀ ခန့်သည် ကိုရိုနာဗိုင်းရပ်စ်ဆိုင်ရာ ရောဂါခြေချုပ်ထားရှိမှု အောက်တွင် ရှိနေကြောင်း တာဝန်ရှိသူများက မေလ ၂၅ ရက်တွင် ပြောသည်။

ထို့ပြင် အဆိုပါ ကမ့်စခန်းများတွင် ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူအရေအတွက်သည်လည်း ၂၉ ဦးအထိ မြင့်တက်လာခဲ့ပြီ ဖြစ်ကြောင်း သိရသည်။

မြန်မာနိုင်ငံမှ ထွက်ပြေးလာသည့် မွတ်ဆလင် တစ်သန်းနီးပါး နေထိုင်သည့် ကျပ်သိပ်နေသော အဆိုပါ ကမ့်စခန်းများတွင် ကိုရိုနာဗိုင်းရပ်စ် အလျင်အမြန် ပျံ့နှံ့ကူးစက်နိုင်သည် ဆိုပြီး ကျန်းမာရေး ပညာရှင်များက ကာလကြာကတည်းက သတိပေးထားသည်။

တာဝန်ရှိသူများက အဆိုပါ ဧရိယာ၌ သွားလာမှုများကို ဧပြီလတွင် ကန့်သတ်ပိတ်ပင်ထားခဲ့ကြောင်း သိရသည်။

သို့သော် ယင်းကမ့်စခန်းများ၌ ပထမဆုံး ဗိုင်းရပ်စ် ကူးစက်မှုဖြစ်စဉ်များကို မေလ လယ်တွင် စတင်တွေ့ရှိခဲ့သည်။

“အခု ကူးစက်ခံရသူတွေထဲမှာ ရောဂါအပြင်းအထန် ခံစားနေရသူတွေ မရှိပါဘူး၊ အများစုကတော့ ရောဂါလက္ခဏာတွေတောင် သိပ်မပေါ်ပါဘူး၊ ဒါပေမယ့်လည်း ကျွန်တော်တို့ဟာ သူတို့ကို သီးခြားခွဲထားမယ့် စင်တာတွေမှာ ထားရှိထားပါတယ်၊ သူတို့ မိသားစုတွေကိုလည်း အသွားအလာ တားမြစ်ကန့်သတ်ထားပါတယ်” ဟု ကော့ဇ်ဘဇား ဧရိယာရှိ အကြီးတန်း ကျန်းမာရေးတာဝန်ရှိသူတစ်ဦးဖြစ်သည့် တိုဟာ ဘူအီယန်က အေအက်ဖ်ပီကို ပြောသည်။

ကူးစက်မှုဖြစ်စဉ် အများစု တွေ့ရှိထားသည့် ကမ့်စခန်း ဧရိယာသုံးခုသို့ သွားရာ လမ်းကျဉ်းများကို ယခုအခါ အာဏာပိုင်များက ပိတ်ထားလိုက်ပြီဖြစ်ကြောင်း ၎င်းက ပြောသည်။

အဆိုပါ ပိတ်ဆို့ထားသည့် ဧရိယာအတွင်းရှိ ရိုဟင်ဂျာ ၁၅,၀၀၀ ခန့်၏ သွားလာလှုပ်ရှားမှုအပေါ် နောက်ထပ် ပိတ်ပင်ကန့်သတ်မှုများ လုပ်ဆောင်ထားကြောင်း ၎င်းက ပြောသွားခဲ့သည်။

ထို့ပြင် လုံလောက်သည့် အကာအကွယ်များ မရှိဘဲ အလုပ်တာဝန်များ လုပ်ဆောင်နေရသည့်အတွက် ယင်းကမ့်စခန်းတွင် ဗိုင်းရပ်စ် ကူးစက်ခံရမည်ကို စိုးရိမ်ပူပန်ကြောင်း အကူအညီပေးရေး လုပ်သားများက ထုတ်ဖော်ထားသည်ဟု သိရသည်။

သီးခြား ခွဲထားမှုအောက်တွင် ရှိနေသည့် ဧရိယာနှစ်ခုသည် ကူတူပါလောင် ကမ့်စခန်းတွင် ရှိနေပြီး အဆိုပါ စခန်းတွင် ရိုဟင်ဂျာ ၆၀၀,၀၀၀ ခန့် ရှိနေသည်ဟု သိရသည်။

“ခုချိန်မှာ စစ်ဆေးမှုတွေကို တတ်နိုင်သလောက် မြန်မြန်ဆန်ဆန် လုပ်နေပါတယ်၊ ကူးစက်ခံထားရသူအားလုံးနဲ့ သူတို့နဲ့ ထိတွေ့ပတ်သက်ထားသူတွေအားလုံးကို ဖော်ထုတ်သိရှိနိုင်အောင် လုပ်နေပါတယ်” ဟု ဘူအီယန်က ပြောသွားခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags