ကိုဗစ်အလွန်ကာလ ' ပုံမှန် အသစ် ' များတွင် ခရီးသွားနည်းခြင်းက ထိပ်ဆုံးမှပါဝင်ဟု စစ်တမ်းများကပြောနေ

ကိုဗစ်အလွန်ကာလ ' ပုံမှန် အသစ် ' များတွင် ခရီးသွားနည်းခြင်းက ထိပ်ဆုံးမှပါဝင်ဟု စစ်တမ်းများကပြောနေ

မေ ၂၅

Suan Dusit Rajabhat တက္ကသိုလ် (Suan Dusit Poll) မှ ကောက်ယူခဲ့သောစစ်တမ်းအရ ကိုဗစ်-၁၉  ကပ်ရောဂါအလွန်တွင် ခရီးသွားလာရေးလုပ်ငန်းဆုတ်ယုတ်လာခြင်းနှင့်အတူ လူနေထိုင်မှုပုံစံများပြောင်းလဲလာကာ ပုံမှန်အခြေအနေအသစ်တစ်ရပ်ဖြစ်လာလိမ့်မည်ဟု ထိုင်းလူမျိုးများ ထင်မြင်ထားကြသည်။

ကိုရိုနာဗိုင်းရပ်စ် ဖြစ်ပွားမှုအပြီးတွင် နေထိုင်မှုဘဝ မည်သို့ပြောင်းလဲသွားမည်နှင့်ပတ်သက်၍ ပြည်သူများ၏ထင်မြင်ချက်များကို စုဆောင်းရန် မေလ ၁၈ ရက်မှ ၂၂ ရက်အထိ နိုင်ငံတစ်ဝန်းရှိ လူ ၁ ၀၆၄ ဦးထံမှ အွန်လိုင်းမှ တစ်ဆင့် စစ်တမ်းကောက်ယူခဲ့သည်။ စစ်တမ်းဖြေဆိုသူများကိုလည်း တစ်ကြိမ်ထက်ပို၍ ဖြေဆိုခွင့်ပြုခဲ့သည်။

ဖြေဆိုသူများအနက် ၇၁.၀၅ % က ခရီးသွားလုပ်ငန်း ပြောင်းလဲလိမ့်မည်ဟုပြောကြားခဲ့သည်။ လူများသည် ကူးစက်ရောဂါများမှကာကွယ်နိုင်သည်ဟု ယုံကြည်ရသောနေရာများကိုသာ လည်ပတ်ရန်ရွေးချယ်လာပြီး  သယ်ယူ ပို့ဆောင်ရေးနည်းလမ်းရွေးချယ်ရာတွင်လည်း အထူးသတိထားကြလိမ့်မည်ဟု ဖြေဆိုခဲ့ကြသည်။

အပြောင်းအလဲအဖြစ် လိုအပ်သည့်အခါမှသာ ဈေးဝယ်ထွက်ကြကာ နှာခေါင်းစည်း၊ လက်သန့်စင်ဆေးရည် စသည့် ရောဂါကွယ်ရေးပစ္စည်းများကို ဆောင်သွားကြလိမ့်မည်ဟု ၆၁.၁၈ % က ဖြေဆိုခဲ့သည်။

၅၉.၆၈% က အများပြည်သူ သယ်ယူပို့ဆောင်ရေးကို အသုံးပြုသည့်အခါ ယခင်ကထက် စောစောသွားကြပြီး လိုအပ်သော ရောဂါကာကွယ်ရေးပစ္စည်းများ ဆောင်သွားကြမည်ဟု ဆိုသည်။

ပါတီနှင့်စုဝေးပွဲများကိုလည်း ရွေးချယ်ပြီး လိုအပ်မှသာတက်ရောက်ကြလိမ့်မည်ဖြစ်ကြောင်း ၅၉.၄၀ % က ပြောသည်။

တစ်ကိုယ်ရေကာကွယ်ရေးနှင့်ပတ်သက်၍ အပြင်ထွက်သည့်အခါ နှာခေါင်းစည်းတပ်ပြီး မကြာခဏ လက်ဆေးကာ လူစုလူဝေးများကို ရှောင်လာကြမည်ဟု ဖြေဆိုသူ ၅၆.၃၉ % ရှိသည်။

အသုံးဝင်ပြီးဈေးမကြီးသောပစ္စည်းများကိုသာ ဝယ်ပြီး သန့်ရှင်းရေးနှင့်ဘေးကင်းလုံခြုံရေးအတွက် ဦးစားပေး ဝယ်ယူလာကြမည်ဟု ဖြေဆိုသူ ၄၇.၂၇ % နှင့် ကုသိုလ်ဖြစ် အလှူပွဲများနှင့်ပတ်သက်၍ လူထူထပ်သည့်နေရာကို ရှောင်ရှားကြကာ အထူးအခမ်းအနားများသာ သွားရောက်ကြလိမ့်မည်ဟု ဖြေဆိုသူ ၄၆.၄၃ % ရှိသည်။

ဖြေဆိုသူ ၄၅.၃၉ % က လူများသည် လေ့ကျင့်ခန်းလုပ်ကာ ကျန်းမာရေးကိုလိုက်စားလာကြပြီး ဗီတာမင်ဆေးများသောက်ကာ ဆေးပညာအကြံပြုချက်များကို လေ့လာကြလိမ့်မည်ဟု ဆိုသည်။

အစားအသောက်နှင့်ပတ်သက်၍ လတ်လတ်ဆတ်ဆတ်ချက်ပြုတ်ပြီး သန့်သန့်ရှင်းရှင်း ပြင်ဆင်ထားသော အစားအစာများကို သုံးဆောင်လာကြမည်ဟု ဖြေဆိုသူ ၄၅.၁၁ % နှင့် အလုပ်လုပ်ကိုင်ကြရာတွင်လည်း ကျန်းမာ ရေးနှင့် ဘေးကင်းလုံခြုံရေးအတွက် ဦးစားပေးလာကြမည်ဟု ၄၂.၃၉ % က ဖြေဆိုထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required