ဘရာဇီးသည် ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရမှု ကမ္ဘာ့ဒုတိယအများဆုံး နိုင်ငံဖြစ်လာ

ဘရာဇီးသည် ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရမှု ကမ္ဘာ့ဒုတိယအများဆုံး နိုင်ငံဖြစ်လာ

မေ ၂၃

သောကြာနေ့ကိန်းဂဏန်းများအရ ဘရာဇီးနိုင်ငံသည် အမေရိကန်ပြီးလျှင် ကမ္ဘာတစ်ဝန်း၌ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရမှုဒုတိယအများဆုံးနိုင်ငံဖြစ်လာပြီး ရုရှားနိုင်ငံကို ကျော်တက်သွားခဲ့သည်။  

တောင်အမေရိကနိုင်ငံ ဘရာဇီးတွင် ယခုအခါ ဗိုင်းရပ်စ်ကူးစက်မှု ၃၃၀ ၈၉၀ ဦးနှင့်  သေဆုံးသူ  ၂၁ ၀၄၈ ဦး ရှိပြီဖြစ်သည်။ သို့သော် ရောဂါစစ်ဆေးမှုနည်းပါးသည့်အတွက် အမှန်တကယ်ကိန်းဂဏန်းများသည် တရားဝင်ထုတ်ပြန်ချက်ထက် ၁၅ ဆ နှင့်အထက် ပိုမိုမြင့်မားနိုင်သည်ဟု ကျွမ်းကျင်သူများက ဆိုသည်။

ဘရာဇီးတွင် ၂၄ နာရီအတွင်း သေဆုံးသူ ၁၀၀၁ ဦး အထိမြင့်တက်ခဲ့ပြီး လေးရက်အတွင်းတွင် လူ ၁ ၀၀၀ ကျော်သေဆုံးမှု တတိယရက် မြောက်ဖြစ်သည်။ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) က တောင်အမေရိကအား ကူးစက်ရောဂါ၏ဗဟိုချက်အသစ်တစ်ခုအဖြစ်ကြေငြာထားသည်။

WHO ၏ အရေးပေါ်ကဏ္ဍညွှန်ကြားရေးမှူး မိုက်ရိုင်ယန် က "နိုင်ငံအတော်များများက စိုးရိမ်စရာအခြေအနေပါ။ ဒါပေမယ့် အခုချိန်မှာ ထိခိုက်မှုအများဆုံးက  ဘရာဇီးပါ" ဟုပြောကြားခဲ့သည်။

Johns Hopkins တက္ကသိုလ်၏ ကိန်းဂဏန်းများအရ အမေရိကန်ပြည်ထောင်စုတွင် ဗိုင်းရပ်စ်ကူးစက်သူ ၁.၆ သန်းကျော်နှင့် သေဆုံးသူပေါင်း ၉၆ ၀၀၀ ကျော်ရှိသည်။ ရုရှားတွင် ကူးစက်သူ  ၃၂၆ ၄၈၈ ဦးနှင့် ၃၂၀၀ ဦး သေဆုံးထားသည်။

ဘရာဇီးသည် လက်ရှိတွင် အမေရိကန်ပြည်ထောင်စု၊ ဗြိတိန်၊ အီတလီ၊ စပိန်နှင့်ပြင်သစ်တို့ပြီးလျှင် သေဆုံးမှုအများဆုံးဖြစ်ပြီး တစ်ကမ္ဘာလုံးတွင် သေဆုံးမှုအများဆုံး ခြောက်နိုင်ငံမြောက်ဖြစ်သည်။ ဘရာဇီးတွင် ဇွန်လရောက်သည့်တိုင် ကပ်ရောဂါ၏အမြင့်ဆုံးအချိန်ကို ရောက်မည်ဟု မျှော်လင့်၍ မရနိုင်ပေ။

လူဦးရေ သန်းပေါင်း ၂၁၀ ရှိသည့် ဘရာဇီးပြည်သူများသည် ကပ်ရောဂါကို အဆီအငေါ်မတည့်စွာဖြင့် တုံ့ပြန်ခဲ့ကြသည်။ ကိုရိုနာဗိုင်းရပ်စ်ကို တုပ်ကွေးသာသာရောဂါဟု ပြောခဲ့သော လက်ယာယိမ်းသမ္မတ ဂျိုင်ယာဘော်ဆိုနာရိုသည် ပြည်နယ်နှင့် ဒေသအာဏာပိုင်များက ပြဋ္ဌာန်းထားသော အိမ်အပြင်မထွက်ရ စီမံချက်များကို ပြစ်တင်ရှုတ်ချခဲ့ပြီး အဆိုပါကန့်သတ်ချက်များသည် စီးပွားရေးကို မလိုလားအပ်ဘဲ  ထိခိုက်နေသည်ဟု ပြောဆိုခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly