ဂျပန်၌ နှာခေါင်းစည်းများ မဖြစ်မနေတပ်ဆင်နေရ၍ အလှကုန်ရောင်းအားကျဆင်း

ဂျပန်၌ နှာခေါင်းစည်းများ မဖြစ်မနေတပ်ဆင်နေရ၍ အလှကုန်ရောင်းအားကျဆင်း

မေ ၂၁

မကြာသေးမီလများအတွင်း ဂျပန်နိုင်ငံရှိစတိုးဆိုင်များတွင် နှာခေါင်းစည်းများ အလွယ်တကူ ဝယ်မရဖြစ်ခဲ့ကာ အလှကုန်တစ်မျိုးဖြစ်သည့် နှုတ်ခမ်းနီလည်း ရောင်းအားမကောင်းခဲ့ပေ။

ကပ်ရောဂါကာလတွင် နှာခေါင်းစည်းများကို မဖြစ်မနေတပ်ထားကြရပြီး ဂျပန်အစိုးရ၏ အရေးပေါ်အခြေအနေပြဋ္ဌာန်းမှုအောက်တွင် အိမ်မှနေ၍အလုပ်လုပ်နေကြရကာ အပြင်ထွက်မရသည့်အခြေအနေဖြစ်ခဲ့ပြီး အလှကုန်ဆိုင်များတွင် နှုတ်ခမ်းနီများ အလျှံပယ်ဖြစ်နေခဲ့သည်။

“ကျွန်မက အပြင်သွားရင် Mask တပ်သွားတော့ နှုတ်ခမ်းနီမဆိုးတော့ဘူးလေ။ ဘယ်သူမှလည်း မြင်ရတာမဟုတ်ဘူး။ ဒါကြောင့် ဆိုးစရာမလိုဘူး” ဟု ယိုကိုဟားမားမှ အသက် ၄၀ အရွယ်အမျိုးသမီး တာကာကို တိုမုရက ပြောသည်။

ဂျပန်ပြည်ထဲရေးကြီးဌာနက မတ်လတွင်ပြုလုပ်ခဲ့သော အိမ်ထောင်စုအသုံးစရိတ်လေ့လာမှုတစ်ရပ်အရ နှုတ်ခမ်းနီအတွက်အသုံးစရိတ်သည် ယခင်နှစ်ကထက် ၂၂.၂ ရာခိုင်နှုန်းကျဆင်းသွားကြောင်း တွေ့ရှိခဲ့သည်။ ရောင်းအားသိသိသာသာ ကျဆင်းခဲ့သည်ဟု အလှကုန်ကုမ္ပဏီများက ပြောသည်။

ခန့်မှန်းချက်တစ်ခုအရ ဂျပန်၌ ၂၀၁၉ ခုနှစ်တွင် ရောင်းချရသောနှုတ်ခမ်းနီအရေအတွက်မှာ ၂၆ သန်းယူနစ်အထိရှိခဲ့သော်လည်း ယခုနှစ် ဇန်နဝါရီမှ ဧပြီလအတွင်း ရောင်းချရသည့်ယူနစ်အရေအတွက်သည် ပြီးခဲ့သည့်နှစ် လေးလတာကာလထက် ၃၀ ရာခိုင်နှုန်းနီးပါး ကျဆင်းခဲ့သည်ဟု ဆိုသည်။

ကိုရိုနာဗိုင်းရပ်စ်ကြောင့် အလှကုန်ပစ္စည်းအားလုံး ရောင်းအားကျဆင်းခဲ့ပြီး နှာခေါင်းစည်းများတပ်ဆင်ကြသည့်အတွက် အထူးသဖြင့် နှုတ်ခမ်းနီရောင်းအားမှာ ဆိုးဆိုးရွားရွားကျဆင်းခဲ့သည်ဟု အလှကုန်ကုမ္ပဏီကြီးတစ်ခုဖြစ်သည့် Kao Corp ၏ ကိုယ်စားလှယ်တစ်ဦးက ပြောသည်။

“မိတ်ကပ်က လူတစ်ယောက်ရဲ့သွင်ပြင်ကို မြှင့်တင်ပေးရုံတင်မကဘူး စိတ်ခံစားချက်ကိုလည်း အပြုသဘောဆောင်စေပါတယ်။ ကပ်ရောဂါကြီးပြီးသွားရင် တဖြည်းဖြည်း ပုံမှန်ပြန်ဖြစ်လာမယ်လို့ မျှော်လင့်ပါတယ်။ လူဘယ်နှယောက်က ဘယ်အချိန်ထိ နှာခေါင်းစည်းတွေဆက်တပ်နေကြဦးမလဲဆိုတဲ့အပေါ် မူတည်ပါတယ် ” ဟု Kao Corp ၏ ပြောရေးဆိုခွင့်ရှိသူက ဆိုသည်။

လွန်ခဲ့သော ဆယ်စုနှစ်အချိန် ၂၀၁၁ ခုနှစ်က ဆူနာမီဘေးနှင့် တွေ့ကြုံစဉ်ကလည်း ယခုကဲ့သို့ အလှကုန်ရောင်းအားကျဆင်းမှုအဖြစ်မျိုး ကြုံတွေ့ခဲ့ရသည်။ ဂျပန်အမျိုးသမီးအများစုသည် အပြင်အဆင်လွန်ကဲမှုမျိုးကို ရှောင်ရှားခဲ့ကြပြီး အရောင်ဖျော့၍ တည်ငြိမ်သော အလှကုန်ပစ္စည်းအရောင်များကို ရွေးချယ်လာကြသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly