ရုရှား ဆေးရုံအမျိုးသားအဆောင်၌ ဖောက်ထွင်းမြင်နိုင်သော PPE ဝတ်ရုံနှင့် အတွင်းခံများကိုသာ ဝတ်ထားခဲ့သည့် သူနာပြု ပြစ်ဒဏ်ပေးခံရ

ရုရှား ဆေးရုံအမျိုးသားအဆောင်၌ ဖောက်ထွင်းမြင်နိုင်သော PPE ဝတ်ရုံနှင့် အတွင်းခံများကိုသာ ဝတ်ထားခဲ့သည့် သူနာပြု ပြစ်ဒဏ်ပေးခံရ

မေ ၂၀

ရုရှားနိုင်ငံရှိ ဆေးရုံတစ်ရုံ၏ COVID-19 လူနာအမျိုးသားသီးသန့်အဆောင်တစ်ခုတွင် ဖောက်ထွင်းမြင်နိုင်အောင် ကြည်လင်နေသော တစ်ကိုယ်ရည်သုံး ရောဂါ အကာအကွယ် PPE ဝတ်ရုံနှင့် အမျိုးသမီးအတွင်းခံများကိုသာ ဝတ်ဆင်ခဲ့သည့် သူနာပြု ဆရာမတစ်ဦးကို သက်ဆိုင်ရာ တာဝန်ရှိသူများက အရေးယူပြစ်ဒဏ်ပေးခဲ့ကြောင်း သိရသည်။

မော်စကိုမြို့၏ တောင်ဘက် မိုင် ၁၀၀ ခန့်အကွာ Tula မြို့ရှိ ဆေးရုံတစ်ရုံ၌ တာဝန်ထမ်းဆောင်နေခဲ့သော အဆိုပါ သူနာပြု ဝတ်ခဲ့သည့် PPE ဝတ်ရုံသည် ဖောက်ထွင်းမြင်လောက်အောင် ကြည်လင်နေသည့်အတွက် အောက်တွင် ဝတ်ထားသည့် အတွင်းခံများကို အတိုင်းသာ မြင်တွေ့ခဲ့ရခြင်းလည်း ဖြစ်သည်။

ထိုကဲ့သို့ ဝတ်ထားသော အဆိုပါ သူနာပြုကို ဆေးရုံတက်နေသည့် လူနာတစ်ဦးက ဓာတ်ပုံရိုက်ယူခဲ့ပြီးနောက် ယင်းဓာတ်ပုံသည် အွန်လိုင်းပေါ် ပျံ့နှံ့ခဲ့ကြောင်း သိရသည်။

သူနာပြုဆရာမ၏ ဝတ်ဆင်မှုပုံစံနှင့်ပတ်သက်၍ ဆေးရုံရှိ အခြားအမျိုးသားလူနာများက တစုံတရာ စောဒက တက်ခဲ့ခြင်း မရှိခဲ့ဟုလည်း ဓာတ်ပုံရိုက်ခဲ့သည့် လူနာက ပြောသည်။

သို့သော် ဆေးရုံအကြီးအကဲများက ယင်းကိစ္စကို ခွင့်လွှတ်ပေးခဲ့ခြင်း မရှိဘဲ အဆိုပါ သူနာပြုကို သတ်မှတ်ထားသည့် ဆေးဘက်ဆိုင်ရာ ဝတ်စားဆင်ယင်မှု စည်းကမ်းများအတိုင်း လိုက်နာခြင်း မရှိဟု ဆိုကာ အပြစ်ပေးခဲ့ကြောင်း သိရသည်။

တချိန်တည်းမှာပင် အမည်မဖော်ပြထားသည့် အသက် ၂၀ အရွယ် အဆိုပါသူနာပြုက ပြောကြားရာတွင် သူမအနေဖြင့် အကာအကွယ် ဝတ်ရုံအောက်တွင် သူနာပြုယူနီဖောင်း ဝတ်ဆင်ရခြင်းမှာ အလွန် အိုက်စပ်ပူလောင်ခဲ့၍ ယင်းကဲ့သို့ ဝတ်ဆင်ခဲ့ခြင်း ဖြစ်ကြောင်း ခုခံပြောကြားသွားခဲ့သည်။

ထို့ပြင် COVID-19 လူနာများကို ကုသမှုပေးချိန် သူမဝတ်ခဲ့သည့် PPE ဝတ်ရုံသည် ယင်းကဲ့သို့ ထွင်းဖောက်မြင်ရအောင် ကြည်လင်နေခဲ့လိမ့်ဆိုသည်ကို သူမ သေချာ မသိခဲ့ကြောင်း အဆိုပါ သူနာပြုဆရာမက ပြောသွားခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly