ဂျာမနီ Von Wellx ဖိနပ်ကုမ္ပဏီက ထုတ်လုပ်မှုများကို တရုတ်ကနေ အိန္ဒိယသို့ ပြောင်းရွှေ့ထုတ်လုပ်တော့မည်

ဂျာမနီ Von Wellx ဖိနပ်ကုမ္ပဏီက ထုတ်လုပ်မှုများကို တရုတ်ကနေ အိန္ဒိယသို့ ပြောင်းရွှေ့ထုတ်လုပ်တော့မည်

မေ ၂၀

ဂျာမနီ အခြေစိုက် ကျန်းမာရေးနှင့် ညီညွတ်သော ဖိနပ်အမှတ်တံဆိပ် Von Wellx ၏ ပိုင်ရှင် Casa Everz Gmbh ကုမ္ပဏီက တရုတ်နိုင်ငံတွင် တစ်နှစ်လျှင် ဖိနပ်အရံပေါင်း သုံးသန်းကျော် ထုတ်လုပ်နေသည့် ယင်း၏ ဖိနပ်ထုတ်လုပ်မှု လုပ်ငန်းတစ်ခုလုံးကို ယခုအခါ အိန္ဒိယသို့ ပြောင်းရွှေ့ပြီး ထုတ်လုပ်သွားတော့မည်ဖြစ်ကြောင်း၊ ကနဦး ရင်းနှီးမြှုပ်နှံမှု ပမာဏ ရူပီး ၁၁၀ ကဋေ ဖြင့် လုပ်ကိုင်သွားမည်ဖြစ်ကြောင်း ယင်းကုမ္ပဏီ၏ လိုင်စင်ရလုပ်ငန်း Iatric Industries Pvt Ltd မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

အိန္ဒိယနိုင်ငံ Uttar Pradesh ပြည်နယ်တွင် တစ်နှစ်လျင် ဖိနပ်အရံပေါင်း သုံးသန်းကျော် ထုတ်လုပ်နိုင်မည့် ထုတ်လုပ်မှု စက်ရုံသစ်တစ်ရုံ ထူထောင်သွားမည် ဖြစ်သည်။ ယင်းကို ပြည်နယ်အစိုးရနှင့်အကြား နားလည်မှုတစ်ရပ် ရယူမှု တစ်စိတ်တစ်ဒေသအဖြစ် Iatric Industries Pvt Ltd နှင့် ပူးပေါင်းဆောင်ရွက်သွားမည် ဖြစ်သည်။

“ဟုတ်ပါတယ်၊ အကြိမ်အတော်များများ ဆွေးနွေးညှိနှိုင်းခဲ့ပြီးနောက် Casa Everz Gmbh ကုမ္ပဏီအနေနဲ့ ထုတ်လုပ်မှုတစ်ခုလုံးကို တရုတ်ကနေပြောင်းရွှေ့ပြီး အိန္ဒိယမှာ ထုတ်လုပ်ဖို့ ဆုံးဖြတ်ခဲ့တာဖြစ်ပါတယ်” ဟု Iatric Industries Pvt Ltd ၏ ဒါရိုက်တာနှင့် စီအီးအို Ashish Jain ကပြောသည်။

Casa Everz Gmbh သည် တရုတ်တွင် ထုတ်လုပ်မှုစက်ရုံ နှစ်ရုံ ရှိခဲ့ပြီး ယင်းတို့သည် တစ်နှစ်လျင် ဖိနပ်အရံပေါင်း သုံးသန်းကျော် ထုတ်လုပ်နိုင်သည်ဟု သိရသည်။

Iatric Industries အနေဖြင့်လည်း Casa Everz Gmbh အတွက် ဖိနပ်အရံပေါင်း ငါးသိန်း ထုတ်လုပ်ပေးနိုင်စွမ်း ရှိထားပြီး ဖြစ်သည်။

“ခုချိန်ကနေစလို့ ဖိနပ်အရံပေါင်း သုံးသန်းကျော် ထုတ်နိုင်မယ့် စက်ရုံသစ်တစ်ရုံ ထူထောင်တည်ဆောက်သွားမှာပါ၊ ပြည်နယ်အစိုးရနဲ့ လိုအပ်တဲ့ ပူးပေါင်းဆောင်ရွက်မှုတွေ အားလုံးကို လုပ်ပြီးတဲ့နောက်မှာ အဲဒီ ပမာဏကို ရောက်ဖို့ ကျွန်တော်တို့ဆီမှာ အချိန် ၂ နှစ် ရပါတယ်” ဟု Jain က ပြောသွားသည်။

“ ပရောဂျက်ရဲ့ ပထမအဆင့် ရင်းနှီးမြှုပ်နှံမှုအဖြစ် နှစ်နှစ်တာအတွင်း ရူပီး ၁၁၀ ကဋေ အသုံးပြုသွားမှာပါ” ဟု ၎င်းက ပြောသည်။

“ နောက်ပြီး ကျွန်တော်တို့မှာ ဒုတိယအဆင့် တစ်ခုအတွက် အစီအစဉ်တစ်ရပ်လည်း ရှိပါတယ်၊ ဒါကတော့ အိန္ဒိယမှာ လက်တလော မရနိုင်သေးတဲ့ ဓာတုပစ္စည်းတွေ၊ အထူး ပိတ်သားတွေလို အရည်အသွေးမြင့် ကုန်ကြမ်းတွေ ရနိုင်ဖို့အတွက် အထောက်အကူလုပ်ငန်းတွေလည်း ထူထောင်သွားရမှာဖြစ်ပါတယ်၊ အဲလိုဆိုရင် ကုန်ကြမ်းနဲ့ ဖိနပ် သွင်းကုန်တင်သွင်းရမှုကို လျော့ကျစေမှာ ဖြစ်သလို အိန္ဒိယထုတ် ဖိနပ်တွေရဲ့ အရည်အသွေးတွေကို ပိုတိုးတက်စေမှာပါ၊ ဒါ့အပြင် ရင်းနှီးမြှုပ်နှံမှုတွေကိုလည်း ပိုဆွဲဆောင်နိုင်ပါလိမ့်မယ်” ဟု ၎င်းက ပြောသွားခဲ့သည်။

လက်ရှိအချိန်မှာ ဖိနပ်ထုတ်လုပ်ငန်းဟာ ကမ္ဘာပေါ်မှာ အလုပ်သမား အများအပြား အသုံးပြုရသည့် လုပ်ငန်းတစ်ခုဖြစ်လာခဲ့ကြောင်း၊ ကုန်ကြမ်းနဲ့ အလုပ်သမား ရရှိနိုင်မှုက ယင်းရဲ့ စီးပွားရေးအရ တစ်ပန်းသာမှုအတွက် နောက်ကွယ်ကနေ တွန်းအားပေးကြောင်း၊ အိန္ဒိယကလည်း အဆိုပါ ကဏ္ဍ နှစ်ခုစလုံးအတွက် အရေးသာမှုတွေ ပေးစွမ်းနိုင်ကြောင်း၊ ဒါကြောင့်လည်း Casa Everz Gmbh အနေဖြင့် ထုတ်လုပ်မှုတွေကို တရုတ်ကနေ အိန္ဒိယကို ပြောင်းရွှေ့တာဖြစ်ကြောင်း ၎င်းက ရှင်းပြသွားခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly