Qatar Airways လေကြောင်းလိုင်း၏ လေယာဉ်အမှုထမ်းများ ဗိုင်းရပ်စ် အကာအကွယ်ဝတ်စုံများ ဝတ်ဆင်မည်

Qatar Airways လေကြောင်းလိုင်း၏ လေယာဉ်အမှုထမ်းများ ဗိုင်းရပ်စ် အကာအကွယ်ဝတ်စုံများ ဝတ်ဆင်မည်

မေ ၂၀

ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါဖြစ်ပွားမှုကြောင့် လေယာဉ်အမှုထမ်းများအတွက် တစ်ကိုယ်ရည်သုံး ရောဂါအကာအကွယ်ဝတ်စုံ (PPE) များ ဝတ်ဆင်စေသည့် လေကြောင်းလိုင်းများအနက် ယခုအခါ Qatar Airways လည်း ပါဝင်လာခဲ့ပြီဖြစ်သည်။

လက်ရှိအချိန်ကစလို့ ကာတာနိုင်ငံ၏ နိုင်ငံပိုင်လေကြောင်းလိုင်း၏ လေယာဉ်မောင်၊ မယ် အားလုံးသည် ၎င်းတို့၏ ယူနီဖောင်းပေါ်ကနေ အကာအကွယ်ဝတ်စုံကို ထပ်၍ ဝတ်ဆင်ကြရမည်ဖြစ်သည်။

ထို့ပြင် ၎င်းတို့အနေဖြင့် လေယာဉ်ခရီးစဉ်များအတွင်း အကာအကွယ် မျက်မှန်၊ လက်အိတ်၊ နှာခေါင်းစည်းများကိုလည်း တပ်ဆင်ထားကြရမည်ဖြစ်သည်။

အလားတူ မေလ ၂၅ ရက်မှစ၍ ယင်းလေကြောင်းလိုင်း၏ ခရီးစဉ်များတွင် လိုက်ပါမည့် ခရီးသည်များအနေဖြင့် မျက်နှာ အကာအကွယ် သို့မဟုတ် နှာခေါင်းစည်းများကို တပ်ဆင်ကြရမည်ဖြစ်သည်။

လူတစ်ဦးတစ်ယောက်ချင်းစီနှင့် ကိုက်ညီမှုရှိပြီး သက်တောင့်သက်သာ ရှိစေရေးအတွက် ခရီးသွားလာသူများအနေဖြင့် အဆိုပါ အကာအကွယ်ပစ္စည်းများကို ၎င်းတို့ဘာသာ ယူလာကြရန်လည်း လေကြောင်းလိုင်းက ပန်ကြားထားသည်။

လေကြောင်းလိုင်း၏ တရားဝင်ထုတ်ပြန်ချက်တစ်စောင်အရ Qatar Airways ၏ လေယာဉ်အမှုထမ်းများသည် ပြီးခဲ့သည့် သီတင်းပတ်များအတွင်း ပျံသန်းသည့် ခရီးစဉ်များအတွင်း လက်အိတ်နှင့် နှာခေါင်းစည်းကဲ့သို့ PPE များကို တပ်ဆင်လျက် တာဝန်ထမ်းခဲ့ကြကြောင်း ဖော်ပြထားသည်။

“ ကာတာလေကြောင်းလိုင်းအနေနဲ့ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ပျံ့နှံ့မှုကို တားဆီးဖို့နဲ့ ခရီးသည်တွေ၊ လေယာဉ်အမှုထမ်းတွေရဲ့ ကျန်းမာရေးကို စောင့်ရှောက်ဖို့အတွက် လေယာဉ်ပေါ်မှာ ထပ်တိုး ဘေးကင်းရေး အစီအမံတွေကို မိတ်ဆက်ထားခဲ့ပါတယ်” ဟု Qatar Airways Group ၏ အမှုဆောင်အရာရှိချုပ် Akbar Al Baker က ပြောသွားသည်။

ထို့ပြင် လေကြောင်းလိုင်းအနေဖြင့် လက်သန့်ဆေးရည် ဗူးကြီးများကိုလည်း ထားရှိပေးသွားမည်ဖြစ်ပြီး ယင်းတို့ကို လေယာဉ်အမှုထမ်းများနှင့် ခရီးသည်များ အသုံးပြုနိုင်မည်ဖြစ်ကြောင်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly