Moderna ၏ ကိုဗစ်-၁၉ ကာကွယ်ဆေးစမ်းသပ်မှု ကနဦးအဆင့်ဖြစ်သော်လည်း အလားအလာကောင်းဟု ဆို

Moderna ၏ ကိုဗစ်-၁၉ ကာကွယ်ဆေးစမ်းသပ်မှု ကနဦးအဆင့်ဖြစ်သော်လည်း အလားအလာကောင်းဟု ဆို

မေ ၁၉

အမေရိကန် Moderna ဇီဝနည်းပညာကုမ္ပဏီနှင့် အောက်စ်ဖို့ဒ်တက္ကသိုလ်မှထုတ်လုပ်သည့်   ရှေ့ပြေး ကိုဗစ်-၁၉  ကာကွယ်ဆေးများသည် စမ်းသပ်မှုကနဦးအဆင့်တွင်သာရှိသေးသော်လည်း အလားအလာကောင်းသည်ဟု သုတေသီများက ဆိုသည်။  

Moderna ကုမ္ပဏီက ၎င်းတို့ကာကွယ်ဆေးကို လူရှစ်ယောက်နှင့်စမ်းသပ်ကြည့်ရာ ကိုဗစ်-၁၉ ကို ဖြစ်စေသည့် ဗိုင်းရပ်စ် SARS-CoV-2 အတွက် ကိုယ်ခံအားစနစ်တုံ့ပြန်မှုကို လှုံ့ဆော်ကြောင်းလေ့လာတွေ့ရှိခဲ့ပြီး ဘေးကင်းသောကာကွယ်ဆေးဖြစ်ဟန်ရှိသည်ဟု တနင်္လာနေ့က ကြေညာခဲ့သည်။

ယခုစမ်းသပ်မှုသည် လူရှစ်ယောက်နှင့်သာ စမ်းသပ်ထားခြင်းဖြစ်သောကြောင့် လူဦးရေ ခုနစ်ဘီလီယံအတွက် ကာကွယ်ပေးနိုင်မည်လားဆိုသည်ကို အတတ်မပြောနိုင်သော်လည်း အားတက်ဖွယ်ရလဒ်ဖြစ်ကြောင်း ကယ်လီဖိုးနီးယား-ဆန်ဖရန်စစ္စကိုတက္ကသိုလ်မှ ကူးစက်ရောဂါနှင့် ကပ်ရောဂါဆိုင်ရာ အကြီးအကဲ Dr.George Rutherford က ပြောသည်။

Moderna က ထုတ်သည့် RNA-1273 အမည်ရှိ ကာကွယ်ဆေးကို မတ်လ ၁၆ ရက်က ပထမဆုံးစမ်းသပ်ခဲ့ပြီး ပထမအဆင့် လက်တွေ့စမ်းသပ်မှု၌ ဗိုင်းရပ်စ်ကို တုံ့ပြန်သည့် သွေးတွင်းပဋိဇီဝပစ္စည်းများထုတ်လုပ်နိုင်ခဲ့သည်ကိုတွေ့ရှိခဲ့သည်။ အဆိုပါ အာနိသင်လျော့ပါးစေသည့် ပဋိပစ္စည်းများသည် ဓာတ်ခွဲခန်း၌ လူသားဆဲလ်များနှင့် စမ်းကြည့်ရာ ဗိုင်းရပ်စ်ပွားများမှုရပ်တန့်ခဲ့ကြောင်း တွေ့ရှိခဲ့သည်။

ကာကွယ်ဆေးကိုနှစ်ကြိမ်သုံးပြီးစမ်းသပ်ကြည့်ရာတွင် ထွက်ရှိလာသည့် ပဋိပစ္စည်းများသည် ကိုဗစ်-၁၉ ရောဂါကူးစက်ခံရပြီးနာလန်ထူလာသည့်လူနာများတွင်တွေ့ရသော ပဋိပစ္စည်းပမာဏနှင့် တူညီနေသည်ကို တွေ့ရှိခဲ့ကြသည်။ ရောဂါပျောက်ကင်းဖို့ရာ သုံးရမည့် ကာကွယ်ဆေးပမာဏကို စမ်းသပ်ကြည့်နေကြကြောင်း တန်နက်စီပြည်နယ် Vanderbilt တက္ကသိုလ်မှ ကာကွယ်ဆေးနှင့် ကူးစက်ရောဂါဌာနခွဲ ပါမောက္ခ William Schaffner က ဆိုသည်။ ဗိုင်းရပ်စ်ကို အပြည့်အဝတိုက်ထုတ်နိုင်ရန် ကိုဗစ်-၁၉ ရောဂါအတွက် ထုတ်လုပ်ထားသော မည်သည့်ကာကွယ်ဆေးမဆို တစ်လ သို့မဟုတ် နှစ်လခြားပြီး ကာကွယ်ဆေးနှစ်ကြိမ် အသုံးပြုရန်လိုသည်ဟု ယူဆထားကြသည်။

ဒုတိယအဆင့်စမ်းသပ်မှုကို မကြာမီပြုလုပ်သွားမည်ဖြစ်ပြီး အသက် ၁၈ နှစ်နှင့် ၅၅ နှစ်အကြား ကျန်းမာရေးကောင်းပြီးအရွယ်ရောက်သူ ၆၀၀ ခန့်၊အသက် ၅၅ နှစ်အထက် ၃၀၀ ခန့်တို့နှင့် လေ့လာမှုပြုသွားမည်ဟု Moderna က တနင်္လာနေ့က ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။  တတိယအဆင့်စမ်းသပ်မှုကို ဇူလိုင်လတွင် ပြုလုပ်ရန်ခန့်မှန်းထားပြီး လူထောင်ပေါင်းများစွာဖြင့် စမ်းသပ်သွားမည်ဖြစ်သည်။

အောက်စ်ဖို့ဒ်ကထုတ်လုပ်သည့် ကာကွယ်ဆေးကိုလည်း မျောက်ခြောက်ကောင်နှင့်စမ်းသပ်ခဲ့ပြီး ကိုယ်ခံအားစနစ်တုံ့ပြန်မှုကို လှုံ့ဆော်ကြောင်း လေ့လာတွေ့ရှိခဲ့ကြသည်။ ChAdOx1 ဟုခေါ်သော အဆိုပါ ကာကွယ်ဆေးကို SARS-CoV-2 ကူးစက်ခံထားသော မျောက်များနှင့်စမ်းသပ်ကြည့်ရာ   အဆုတ်ရောင်ရောဂါ (နမိုးနီးယားရောဂါ) ကို ကာကွယ်နိုင်ဖွယ်ရှိကြောင်းသိရသည်။

ကာကွယ်ဆေးထိုးထားသည့်မျောက်သုံးကောင်နှင့် ကာကွယ်ဆေးမထိုးထားသည့်မျောက်သုံးကောင်ကို ယှဉ်ကြည့်ရာ ဆေးမထိုးသည့် မျောက်များအနက် နှစ်ကောင်တွင် နမိုးနီးယားရောဂါဖြစ်ပွားခဲ့သည်ကို တွေ့ရှိခဲ့ကြခြင်းဖြစ်သည်။

နမိုးနီးယားသည် ကိုဗစ်-၁၉ လူနာများ၏ ကနဦးရောဂါလက္ခဏာများဖြစ်သည်။ အဆုတ်က ဗိုင်းရပ်စ်ကူးစက်ခံရပြီး ကိုယ်ခံအား၏တုံ့ပြန်မှုက ကိုဗစ်-၁၉ နမိုးနီးယားခေါ် အခြေအနေကို ဖြစ်စေနိုင်သည်။ ထို့နောက် အသက်အန္တရာယ်ရှိသောအဆုတ်ပြဿနာ (Acute Respiratory Distress Syndrome- ARDS) ဖြစ်လာပြီး အောက်ဆီဂျင်ချို့တဲ့ကာ ကိုယ်ခန္ဓာအစိတ်အပိုင်းများ ထိခိုက်ယိုယွင်းလာခြင်းဖြစ်သည်။

နမိုးနီးယားကို ၁၀၀ % ကာကွယ်ပေးနိုင်သော ကာကွယ်ဆေးရှိခဲ့ပါက ဆေးရုံတက်ရောက်ခြင်း၊ အထူးကြပ်မတ်ဆောင်ဝင်ရခြင်းနှင့် သေဆုံးခြင်းများ မကြုံတွေ့နိုင်တော့ဟု Schaffner က ဆိုသည်။

မျောက်များ၏ အဆုတ်ထဲတွင် ဗိုင်းရပ်စ်ပိုးများကို မတွေ့ရှိရတော့သော်လည်း အောက်စ်ဖို့ဒ်မှထုတ်လုပ်သည့် ChAdOx1 ကာကွယ်ဆေးသည် မျောက်များအား SARS-CoV-2 ဗိုင်းရပ်စ်ကူးစက်ခြင်းမှ ကာကွယ်နိုင်ခြင်း ရှိ/မရှိကိုမူ ကနဦးလေ့လာချက်တွင် မပြောခဲ့ပေ။

ယခုလေ့လာတွေ့ရှိချက်များသည် ကနဦးအဆင့်သာရှိသေးပြီး ဆေးပညာစာအုပ်များတွင် ထည့်သွင်းဖော်ပြရန်အတွက်လိုအပ်သော သိပ္ပံပညာရှင်အများ၏ သုံးသပ်ခြင်းများ မပြလုပ်ရသေးပေ။ သို့သော်လည်း ကိုရိုနာဗိုင်းရပ်စ်အရေးပေါ်ကာလတွင် သုတေသီများသည် ၎င်းတို့၏ ရလဒ်များကို ရနိုင်သမျှ ထုတ်ပြန်ပေးလျက်ရှိသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly