COVID-19 ကပ်ရောဂါအပေါ် WHO ၏ တုန့်ပြန်ဆောင်ရွက်မှုနှင့်ပတ်သက်၍ လွတ်လပ်သည့် စုံစမ်းစစ်ဆေးမှုတစ်ရပ် လုပ်ဆောင်ရန် အီးယူ တောင်းဆို

COVID-19 ကပ်ရောဂါအပေါ် WHO ၏ တုန့်ပြန်ဆောင်ရွက်မှုနှင့်ပတ်သက်၍ လွတ်လပ်သည့် စုံစမ်းစစ်ဆေးမှုတစ်ရပ် လုပ်ဆောင်ရန် အီးယူ တောင်းဆို

မေ ၁၉

ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါအပေါ် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) ၏ တုန့်ပြန်ဆောင်ရွက်မှုနှင့်ပတ်သက်၍ လွတ်လပ်သည့် အကဲဖြတ်စစ်ဆေးမှုတစ်ခု လုပ်ဆောင်ရန် ဥရောပသမဂ္ဂနှင့် အခြားသော နိုင်ငံများက မေလ ၁၈ ရက်တွင် တောင်းဆိုလိုက်သည်။ ရရှိထားခဲ့သော အတွေ့အကြုံများနှင့် သင်ယူနိုင်ခဲ့သော သင်ခန်းစာများကို ပြန်လည်သုံးသပ်နိုင်ရန် ယခုကဲ့သို့ WHO ၏ တုန့်ပြန်ဆောင်ရွက်မှုအပေါ် လွတ်လပ်သော အကဲဖြတ်စုံစမ်းစစ် ဆေးမှုတစ်ခု ပြုလုပ်ရေး အီးယူက တောင်းဆိုခြင်းလည်း ဖြစ်သည်။

အဆိုပါ ဆုံးဖြတ်ချက်ကို WHO အဖွဲ့ဝင်နိုင်ငံ ထက်ဝက်ကျော်က ထောက်ခံခဲ့ပြီး ယင်းကို ယခုအပတ်အတွင်း ကုလသမဂ္ဂ ကျန်းမာရေးအေဂျင်စီ၏ ဆုံးဖြတ်ချက်ချမှတ်မှုအဖွဲ့ နှစ်ပတ်လည် ညီလာခံတွင် ဆွေးနွေးသွား မည်ဖြစ်သည်။

နိုင်ငံတကာ ကျန်းမာရေးဥပဒေနှင့် ကုလသမဂ္ဂကျန်းမာရေးစနစ်အတွင်း ယင်း၏ လုပ်ဆောင်ချက်များကို အသုံးချလုပ်ကိုင်ခြင်း အပါအဝင် COVID-19 အရေး နိုင်ငံတကာ တုန့်ပြန်ဆောင်ရွက်မှုကို ညှိနှိုင်းချိတ်ဆက်ပေးသည့် WHO ၏ အားထုတ်မှုများနှင့်ပတ်သက်၍ ဘက်မလိုက်သော၊ လွတ်လပ်သော၊ ပြည့်စုံကျယ်ပြန့်သော အကဲဖြတ်ချင့်တွက်မှု၏ တစ်ဆင့်ချင်းစီ သွားသော လုပ်ငန်းစဉ်တစ်ခုကို အစပျိုးရန် ယခု အဆိုပြုချက်က ရည်ရွယ်ခြင်း ဖြစ်သည်။

ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါ၏ မူလဇာစ်မြစ်များနှင့် ယင်းအပေါ် WHO ၏ တုန့်ပြန်ကိုင်တွယ်ပုံတို့နှင့်ပတ်သက်ပြီး လွတ်လပ်သော စုံစမ်းစစ်ဆေးမှုတစ်ခု လုပ်ဆောင်ရေး သြစတြေးလျနိုင်ငံက တောင်းဆိုထားခဲ့ပြီးနောက် ယခု အီးယူ၏ အဆိုပြုချက် ထွက်ပေါ်လာခြင်း ဖြစ်သည်။

ယင်းမတိုင်မီကလည်း အစောပိုင်းကာလ COVID-19 ဖြစ်ပွားမှုအတိုင်းအတာကို တရုတ်တို့ ဖုံးဖိနိုင်ရန် WHO က ကူညီပေးခဲ့ကြောင်း အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ထပ်တလဲလဲ စွပ်စွဲပြောဆိုထားခဲ့သေးသည်။

သမ္မတ ထရမ့်ဆိုလျင် ကုလ ကျန်းမာရေး အေဂျင်စီကို အမေရိကန်၏ ရန်ပုံငွေ ထည့်ဝင်မှုအားလုံးကို ချက်ချင်း ရပ်ဆိုင်းထားရန်ပင် လုပ်ဆောင်ထားခဲ့သေးသည်။

အီးယူ၏ ဆုံးဖြတ်ချက်တွင် လွတ်လပ်သော အကဲဖြတ်ချင့်တွက်မှုကို အစောလျင်ဆုံး သင့်လျော်သည့် အချိန်တွင် အစပျိုးလုပ်ဆောင်သွားသင့်ကြောင်း၊ WHO ၏ လုပ်ဆောင်ချက်များနှင့် COVID-19 ကပ်ရောဂါနှင့် ဆက်စပ်သည့် ယင်းတို့၏ အချိန်မျဉ်းများကို စစ်ဆေးသွားသင့်ကြောင်း အဆိုပြုထားသည်။

WHO သည် ကိုရိုနာဗိုင်းရပ်စ် ကူးစက်ဖြစ်ပွားမှုကို ကမ္ဘာ့ ကျန်းမာရေး အရေးပေါ်အခြေအနေအဖြစ် ဇန်နဝါရီ ၃၀ တွင် ကြေညာခဲ့သည်။ ယင်းနောက် ရက်သတ္တပတ်များအတွင်း ဗိုင်းရပ်စ်ကို ကမ္ဘာတဝန်း ပျံ့နှံ့ခြင်းမှ ကာကွယ်ရန် အနည်းအကျဉ်းသော အခွင့်အရေး ရှိနေသည်ဟု WHO က နိုင်ငံများကို သတိပေးခဲ့သည်။

သို့သော် ဗိုင်းရပ်စ် ကူးစက်မှုသည် အကန့်အသတ်နဲ့သာဖြစ်ပြီး ယင်းက တုပ်ကွေးကဲ့သို့ ကူးစက်ခြင်း မရှိဟု WHO တာဝန်ရှိသူများက ထပ်တလဲလဲ ပြောခဲ့သည်။ ယင်းနောက်ပိုင်း COVID-19 သည် ပိုမိုမြန်ဆန်စွာ ကူးစက်ကြောင်း ပညာရှင်များက ပြောခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required