စီရော်နယ်ဒို၏ ကိုယ်ဝန်ကိုဖျက်ချရန် စဉ်းစားခဲ့ဖူးဟု မိခင်ဖြစ်သူ ဖွင့်ဟ

စီရော်နယ်ဒို၏ ကိုယ်ဝန်ကိုဖျက်ချရန် စဉ်းစားခဲ့ဖူးဟု မိခင်ဖြစ်သူ ဖွင့်ဟ

မက်ဒရစ်၊ နိုဝင်ဘာ ၅ ။            ။ ကမ္ဘာကျော်ဘောလုံးသမား စီရော်နယ်ဒို၏ မိခင်ဖြစ်သူ မာရီယာ ဒိုလာရက်စ် ဒို့စ်ဆန်းတို့စ် အယ်လ်ဗီရိုက စီရော်နယ်ဒို၏ကိုယ်ဝန်ကို ဖျက်ချရန် စဉ်းစားခဲ့ဖူးကြောင်း ဝန်ခံပြောဆိုလိုက်သည်။

စီရော်နယ်ဒို၏ ဖြစ်ရပ်မှန်ရုပ်ရှင်ဇာတ်လမ်းသစ်တွင် အယ်လ်ဗီရိုက ယခုကဲ့သို့ ပြောဆိုခဲ့ခြင်း ဖြစ်သည်။ ထိုဖြစ်ရပ်မှန်ရုပ်ရှင်တွင် ကမ္ဘာ့အကောင်းဆုံးဘောလုံးသမားဆုအတွက် မက်ဆီနှင့်ယှဉ်ပြိုင်ရပုံများ၊ မက်ဆီ့အပေါ်အမြင်များ၊ ဖခင်အပေါ် စီရော်နယ်ဒို၏ စိတ်နေစိတ်ထားများ၊ သားငယ်စီရော်နယ်ဒိုဂျူနီယာအပေါ် ဂရုစိုက်ပုံများကို တင်ပြထားသည်။

ရုပ်ရှင်တွင် စီရော်နယ်ဒို၏ မိခင် အယ်လ်ဗီရိုက 'စီရော်နယ်ဒိုရဲ့ ကိုယ်ဝန်ကိုလွယ်ထားရတုန်းက ဖျက်ချဖို့ စဉ်းစားခဲ့ဖူးပါတယ်။ ဒါပေမဲ့ ဒါကို ဘုရားသခင်က ခွင့်မပြုခဲ့ပါဘူး။ ဒီလို စဉ်းစားခဲ့ဖူးပေမဲ့ သားက ကျွန်မရဲ့ ဘဝကို ပျော်ရွှင်မှုတွေ အများကြီးယူဆောင်လာပေးခဲ့ပါတယ်။ အခုတော့ ဒီအကြောင်းကို ပြန်ပြောပြီး ရယ်မောနိုင်ပါပြီ။ အခု သူက အမေ့ကိုသား အရာရာအားလုံးဖြည့်ဆည်းကူညီပေးခဲ့တယ်ဆိုပြီး ပြောပါတယ်' ဟု ပြောဆိုခဲ့သည်။

စီရော်နယ်ဒို၏ ဖခင်ဒင်းနစ်သည် ၂၀၀၅ ခုနှစ် အသက် ၅၃ နှစ်အရွယ်တွင် အရက်ကြောင့် ဘဝဆုံးပါးသွားခဲ့ရသူဖြစ်သည်။ 'အဖေက နေ့တိုင်းနီးပါးအရက်သောက်ပါတယ်။ ကျွန်တော့်ရဲ့အောင်မြင်မှုတွေကို သူမမြင်နိုင်တော့တာက ကျွန်တော့်အတွက် တကယ်ကို စိတ်ပျက်စရာပါပဲ။ အဖေနဲ့ရင်းနှီးတဲ့ ဆက်ဆံရေး ကင်းမဲ့ခဲ့တဲ့အတွက်တော့ နောင်တရမိပါတယ်' ဟု စီရော်နယ်ဒိုက ပြောသည်။

စီရော်နယ်ဒိုသည် သားဖြစ်သူ စီရော်နယ်ဒိုဂျူနီယာ၏မိခင် မည်သူဖြစ်သည်ကို မည်သည့်အခါကမှ မပြောခဲ့သလို ယခုရုပ်ရှင်တွင်လည်း ပြောဆိုခြင်း မရှိခဲ့ပေ။

မက်ဆီနှင့်ပတ်သက်၍မူ စီရော်နယ်ဒိုက 'ပြီးခဲ့တဲ့နှစ်အနည်းငယ်အတွင်းမှာ ကျွန်တော်တို့ရဲ့ဆက်ဆံရေးက တိုးတက်လာခဲ့ပါတယ်။ မက်ဆီကို ပြိုင်ဘက်တစ်ယောက်အနေနဲ့ ကျွန်တော်မမြင်ပါဘူး။

လူတစ်ယောက်အနေနဲ့ပဲ မြင်ပါတယ်။ သူက ကျွန်တော့်ကို ပိုကောင်းတဲ့ကစားသမားဖြစ်အောင် လုပ်ပေးသလို ကျွန်တော်ကလည်း သူ့ကို ပိုကောင်းတဲ့ ကစားသမားဖြစ်အောင် ပြုလုပ်ပေးတယ်လို့ပဲ နားလည်ထားပါတယ်' ဟု ပြောသည်။

ရည်ညွှန်း မယ်ရာ

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly