ဟင်းလျာအဖြစ် မြင်တွေ့နေရဆဲဖြစ်သည့် လင်းနို့သားများ

ဟင်းလျာအဖြစ် မြင်တွေ့နေရဆဲဖြစ်သည့် လင်းနို့သားများ

မေ၊ ၁၆

အင်ဒိုနီးရှားရှိ တောရိုင်းတိရစ္ဆာန်များရောင်းချရာ နာမည်ဆိုးဖြင့်ကျော်ကြားသော Tomohon ဈေးတွင် တစ်ပတ်လျှင်ခြောက်ရက် သားသတ်သမားများစုဝေးကြပြီး ဆူလာဝေစီကျွန်းမှယူဆောင်လာသော လင်းနို့များ၊ မြွေများနှင့် ဖွတ်၊ ပုတတ်များကို သတ်ဖြတ်ရောင်းချလျက်ရှိသည်။

အချို့သောသားသတ်သမားများသည် ခွေးများကိုလည်း သတ်ကြပြီး အများစုမှာ မြို့ပြလမ်းမများမှ ခိုးယူထားသော အိမ်မွေးတိရိစ္ဆာန်များဖြစ်ကြကာ ထိုလုပ်ရပ်ကို တိရိစ္ဆာန်အခွင့်အရေးလှုပ်ရှားသူများက ကန့်ကွက်ဆန္ဒပြခဲ့ ကြသည်။ တိရစ္ဆာန်ချစ်သူများသည် Tomohon ဈေးကို ပိတ်ရန် အာဏာပိုင်များကို နှစ်ပေါင်းများစွာတိုက်တွန်းခဲ့ကြပြီး ယခု ကပ်ရောဂါအကြောင်းပြချက်ဖြင့် ထိုဈေးအား အရေးယူရန် တာဝန်ရှိသူများကို  ပိုပိုဖိအားပေး လာကြသည်။

အင်ဒိုနီးရှားနိုင်ငံ၏ တောရိုင်းတိရစ္ဆာန်စျေးများကိုပိတ်ပစ်ရန် အစိုးရအားတိုက်တွန်းခဲ့သည့် အင်ဒိုနီးရှားကိုရိုနာဗိုင်းရပ်စ်တိုက်ဖျက်ရေးအဖွဲ့ Wiku Adisasmito မှ ကျွမ်းကျင်သူတစ်ဦးက “ဈေးက တိရိစ္ဆာန်ရောဂါပိုး တွေဖြန့်တဲ့နေရာတစ်ခုနဲ့တူနေပါတယ်။ တောရိုင်းတိရိစ္ဆာန်တွေကိုစားတာ မီးနဲ့ကစားနေသလို အန္တရာယ်များတယ်” ဟု ပြောသည်။

ကိုရိုနာဗိုင်းရပ်စ်ဖြစ်ပွားမှုသည် တရုတ်နိုင်ငံဝူဟန်မြို့ရှိ သားငါးတိရစ္ဆာန်ဈေးနှင့်ဆက်စပ်နေပြီး  တိရစ္ဆာန်မှ လူသို့ ဗိုင်းရပ်စ်ကူးစက်ရန် အကြောင်းဖန်လာခဲ့သည်။ တစ်ကမ္ဘာလုံးတွင် လူပေါင်း ၈၀၀ ခန့်ကို သေဆုံးစေခဲ့သော SARS ဗိုင်းရပ်စ်သည်လည်း တရုတ်နိုင်ငံ တောရိုင်းဈေးရှိ ကြောင်ကတိုးများဆီ မကူးစက်မီ လင်းနို့မှအစပြုခဲ့သည်ဟု ယုံကြည်နေကြသည်။

ပြီးခဲ့သည့် ဒီဇင်ဘာတွင် ဝူဟန်၌ ကိုရိုနာဗိုင်းရပ်စ်ဖြစ်ပွားပြီးနောက်  တောရိုင်းတိရစ္ဆာန်ဈေးများအားလုံးကို ပိတ်ရန်အစိုးရက ညွှန်ကြားခဲ့သည်။ သို့သော် အင်ဒိုနီးရှားရှိ Tomohon ဈေးသည် တောရိုင်းတိရစ္ဆန်များရောင်း ချရာ ဒေသတွင်း အကြီးမားဆုံးဈေးတစ်ခုဖြစ်ပြီး နိုင်ငံတွင် ထိုကဲ့သို့သော ဈေး ခုနစ်ခုရှိသည်။ Tomohon ဈေးတွင်  တောရိုင်းတိရစ္ဆာန်အများစုကို သတ်ပြီးမှယူလာကြပြီး ခွေးများကို လှောင်အိမ်များထဲတွင်ထားကာ လတ်လတ်ဆတ်ဆတ်လိုချင်သော ဖောက်သည်များအတွက် နေရာတွင်ပင် ချက်ချင်းသတ်ပေးကြသည်။

“ဒါက ချိန်ကိုက်ဗုံးတစ်ခုလိုပဲ။ ဝူဟန်လို ကပ်ရောဂါဗဟိုချက်မဖြစ်ချင်အချိန်ထိတော့ စောင့်ပဲစောင့်ကြည့်နိုင်တယ်” ဟု Tasikoki တောရိုင်းသတ္တဝါကယ်ဆယ်ရေးစင်တာမှ Billy Gustafianto Lolowang  ကပြောသည်။

ဒေသခံများက လင်းနို့ကို ပန်းနာရင်ကျပ်ကုသနိုင်သည်ဟု ပြောဆိုနေကြပြီး အချို့တိရစ္ဆာန်များကို ဆေးဖက်ဝင်သည်ဟု မှတ်ယူထားကြသည်။ ဆူလာဝေစီမြောက်ပိုင်းတွင် မြွေနှင့် လင်းနို့သားများကို စူပါမားကတ်များ၌ပင် ရောင်းချကြသည်။

ဗိုင်းရပ်စ်ရောဂါမဖြစ်ပွားခင်က လင်းနို့များသည် လူကြိုက်အများဆုံးဖြစ်ကြောင်းနှင့် လင်းနို့ပြီးလျှင် ကြွက်နှင့်စပါးအုံးတို့ကို အများဆုံးဝယ်ကြကြောင်း၊ ယခုအချိန်၌ ဝက်သားနှင့် တောဝက်များကို အများဆုံး ဝယ်ကြသည် ဟု သားသတ်သမားတစ်ဦးက ပြောသည်။

အင်ဒိုနီးရှားတွင် မေ ၁၆ ရက်အထိစာရင်းအရ  ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရသူ ၁၆၄၉၆ ဦးရှိပြီး သေဆုံးသူ ၁၀၇၆ ဦးရှိပြီဖြစ်သည်။

အင်္ဂါနေ့တွင် Dog Meat Free Indonesia ဟု ခေါ်သော တိရိစ္ဆာန်အခွင့်အရေးလှုပ်ရှားသည့်အဖွဲ့က ရောဂါပိုးအသစ်ပေါ်ပေါက်မှုကို တားဆီးနိုင်ရေးအတွက်  တောရိုင်းတိရစ္ဆာန်ရောင်းချသည့်ဈေးများကို ပိတ်ပေးရန် သမ္မတ ဂျိုကိုဝီဒိုဒိုကို တိုက်တွန်းခဲ့သည်။ အင်ဒိုနီးရှားရှိ ဂျာဗားကျွန်း၊ ဆူမားတြား၊ ဘာလီနှင့်ဆူလာဝေစီကျွန်းများပေါ်ရှိ ဈေးကြီး ခုနစ်ဈေးနှင့် ဈေးလေးများတွင် တောရိုင်းတိရစ္ဆာန်များရောင်းချနေသည်ဟု တိရစ္ဆာန်အခွင့်အရေး တက်ကြွလှုပ်ရှားသူများက ပြောသည်။ ဈေးအများစုတွင် တရားမဝင်ကုန်သွယ်မှုမှရသည့်  ငှက်များကို ရောင်းချကြပြီး အင်ဒိုနီးရှားသစ်တောများမှ တစ်နှစ်လျှင် ငှက်အကောင်ရေ သန်း ၂၀ ခန့် ဆုံးရှုံးလျက်ရှိသည်။

ဆိုလိုမြို့ရှိ Depok ဈေးတွင် ကိုရိုနာဗိုင်းရစ်စ်ကူးစက်မှာစိုးရိမ်သည့်အတွက် လင်းနို့ အကောင် ၂၀၀ နီးပါးကို သုတ်သင်ရန် အာဏာပိုင်များက အမိန့်ပေးခဲ့သည်။ Depok ဈေးမှာ ဖွင့်ထားဆဲဖြစ်သော်လည်း လင်းနို့များ မရောင်းတော့ချေ။

Tomohon မြို့တာဝန်ရှိသူများသည် လူအချင်းချင်းထိတွေ့ဆက်ဆံမှုနည်းစေရန် မတ်လက ဈေးဖွင့်ချိန်ကို ထက်ဝက်လျှော့ချကာ ကန့်သတ်မှုများလုပ်ဆောင်ခဲ့သည်။ တောရိုင်းတိရစ္ဆာန်ရောင်းသည့် အပိုင်းတွင် သားသတ် သမား ၁၂၀ ခန့်သည် ပေ ၂၀ ခန့်ရှည်သော စပါးအုံးများအပါအဝင် ဖွတ်၊ ပုတတ်များ၊ အမြီးဖြူကြွက်များ၊ တောဝက်များနှင့် လယ်ဖားများကို လှီးဖြတ်တုံးတစ်နေကြသည်။

တောရိုင်းတိရစ္ဆာန်အသား ဈေးကွက်မြှင့်တင်ကြသည့်အပြင် အချို့က ကြောင်များနှင့်ခွေးများကိုပါ သတ်ရောင်းကြသည့်အတွက် ဝေဖန်တိုက်ခိုက်မှုများခံနေရသည်။ တချို့တိရစ္ဆာန်များမှာ သေသည်အထိ ရိုက်သတ်ခံကြရပြီး အမွေးများကျွတ်အောင် မီးပြင်းမှုတ်ခံကြရသည်။

ကြောင်အများစုမှာ ပြန်ပေးဆွဲခံရခြင်းဖြစ်သည်ဟု တက်ကြွလှုပ်ရှားသူများက ဆိုသည်။ ဆူလာဝေစီမြောက်ပိုင်းရှိ အိမ်မွေးတိရစ္ဆာန်ပိုင်ရှင် ၉၀ ရာခိုင်နှုန်းခန့်က ၎င်းတို့၏ ခွေး၊ ကြောင်များ ပျောက်ဆုံးခဲ့ကြသည်ဟု Animal Friens Manado Indonesia အဖွဲ့၏ ၂၀၁၆ ခုနှစ် စစ်တမ်းအရ သိရသည်။

ဆူလာဝေစီမြောက်ပိုင်းရှိ Tomohon နှင့် တခြားဈေးများတွင် တားမြစ်တိရစ္ဆာန်များဖြစ်သည့် သားပိုက်ကောင် အငယ်စားမျိုး၊ မျက်လုံးကြီး မာဆူပီရယ်မျိုး၊ ကျွဲပုမျိုး၊ ဆူလာဝေစီမျောက်မဲမျိုးနှင့် သမင်ဝက်များကိုပါ ရောင်းချနေကြသည်။ ကူးစက်ရောဂါသည် တောရိုင်းတိရစ္ဆာန်ကိုစားသုံးခြင်း၏ အန္တရာယ်ကို လူများအား သတိပေးမည်ဖြစ်ပြီး တောရိုင်းအကောင်များကို သတ်ဖြတ်ခြင်းသည် လက်ခံနိုင်သောလုပ်ရပ်မဟုတ်ကြောင်း သိလာစေမည်ဟု Tasikoki တောရိုင်းတိရစ္ဆာန်ကယ်ဆယ်ရေးစင်တာမှ မန်နေဂျာ Frank Delano Manus က ပြောသည်။

“လူအများက ရိုးရာအစဉ်အလာကို အလွယ်တကူစွန့်လွှတ်မှာမဟုတ်ပါဘူး။ ဆူလာဝေစီမြောက်ပိုင်းကလူအများစုက တောရိုင်းတိရစ္ဆာန်အသားတွေကို စားကြတယ်။  ဈေးကို လုံးဝပိတ်ပစ်လိုက်ရင် ပြည်သူတွေရဲ့ ကန့်ကွက်သံတွေ ကြားရလိမ့်မယ်” ဟု Frank ကဆိုသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly