တရုတ်၌ ကိုရိုနာဗိုင်းရပ်စ် ကူးစက်သူ ၈၄၀၀၀ အစား ၆၄၀၀၀၀ အထိရှိနိုင်ကြောင်း ပေါက်ကြားခဲ့သည့် စစ်တက္ကသိုလ် အချက်အလက်များက ညွှန်ပြနေ

တရုတ်၌ ကိုရိုနာဗိုင်းရပ်စ် ကူးစက်သူ ၈၄၀၀၀ အစား ၆၄၀၀၀၀ အထိရှိနိုင်ကြောင်း ပေါက်ကြားခဲ့သည့် စစ်တက္ကသိုလ် အချက်အလက်များက ညွှန်ပြနေ

မေ ၁၆

တရုတ်နိုင်ငံ၌ ကိုရိုနာဗိုင်းရပ်စ် ကူးစက်သူ ဦးရေသည် အများသိ ထုတ်ပြန်ထားသည့် နှုန်းထားထက်  ထောင်သောင်းများစွာ ပိုလွန်ရှိနေနိုင်သည်ဟု တက္ကသိုလ်တစ်ခု၏ ပေါက်ကြားခဲ့သော အချက်အလက်များက ညွှန်ပြလျက် ရှိသည်ဟု ဆိုသည်။

တရားဝင်အားဖြင့် နိုင်ငံတွင် ဗိုင်းရပ်စ်ကူးစက်သူ ၈၄၀၂၉ ဦး ရှိသည်ဟု ဆိုထားသော်လည်း တရုတ်၏ ပွင့်လင်းမြင်သာမှု အားနည်းသည့်ကြား ယင်းနှုန်းထားအပေါ် သံသယများ ကျယ်ကျယ်ပြန့်ပြန် ရှိနေခြင်း ဖြစ်သည်။

သို့သော် လက်ရှိတွင် ချန်ရှားမြို့ရှိ အမျိုးသားကာကွယ်ရေး နည်းပညာတက္ကသိုလ်မှ ပေါက်ကြားခဲ့သော အချက်အလက်များအရ နိုင်ငံအတွင်း ကိုရိုနာဗိုင်းရပ်စ် ကူးစက်သူ ၆၄၀၀၀၀ ရှိနေနိုင်သည်ဟု  ယူဆစရာ ဖြစ်နေသည်။

Foreign Policy နှင့် 100 Reporters သို့ ပေါက်ကြားခဲ့သည့် ယခု သတင်းမှ အချက်အလက်များကို ၎င်းတို့က စိစစ်အကဲဖြတ်မှုများ လုပ်ဆောင်ခဲ့သည်။

ပေါက်ကြားသော အချက်အလက်များတွင် နိုင်ငံအနှံ့ ဗိုင်းရပ်စ်ပျံ့နှံ့ရာ အနည်းဆုံး မြို့ပေါင်း ၂၃၀ မှ နေရာအဆောက်အအုံများသို့ အဝင်စာရင်း ၆၄၀၀၀၀ ကို  စာရင်းသွင်းထားချက်များ ပါရှိသည်။

အဝင်စာရင်း တစ်ခုစီတိုင်းတွင် လတ္တီကျူ၊ လောင်ဂျီကျူ တည်နေရာနှင့်အတူ ဖေဖော်ဝါရီအစမှ ဧပြီနှောင်းပိုင်းအတွင်း တိကျသော ရက်စွဲနှင့် တည်နေရာအတွင်း ကူးစက်ခံရမှု အတည်ပြုဦးရေတို့ပါ ပါရှိနေသည်။

စာရင်းပါ တည်နေရာများမှ ဆေးရုံများအပြင် လူနေဝင်းခြံများ၊ ဟိုတယ်များ၊ စူပါမားကတ်များ၊ ရထားဘူတာရုံများ၊ စားသောက်ဆိုင်များ၊ စာသင်ကျောင်းများနှင့် KFC ဆိုင်ခွဲတစ်ခုပင် ပါရှိခဲ့သည်။

စာရင်းတစ်ခုစီသည် ဗိုင်းရပ်စ်ကူးစက်မှုတစ်ခု ဖြစ်ပါက ဗိုင်းရပ်စ်ကူးစက်သူ ဦးရေသည် ၆၄၀၀၀၀ အနည်းဆုံး ရှိမည်ဟု ကောက်ချက်ချရမည့် အဓိပ္ပာယ်ပင် ဖြစ်သည်။

အဆိုပါ စစ်တက္ကသိုလ်၏ ဝက်ဘ်ဆိုက်တွင် အများပြည်သူ ရင်းမြစ်များကို အသုံးပြုပြီး အချက်အလက် ကောက်ယူသည်ဟု ဖော်ပြထားသော်လည်း မည်သို့ မည်ပုံ ကောက်ယူသည်က မရှင်းလင်းကြောင်း သတင်းထောက်များက ဆိုသည်။

နေ့စွဲအတိအကျဖြင့် အထူးပြုနေရာမှ ယခု အချက်အလက်များကို မည်သည့်အတွက်ကြောင့် ကောက်ယူသည်ဆိုခြင်းမှာလည်း မရှင်းလင်းကြောင်း ၎င်းတို့က ပြောခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly