ကမ္ဘာတဝန်း ကိုရိုနာဗိုင်းရပ်စ်ကြောင့် သေဆုံးသူ သုံးသိန်းကျော်အထိ ရှိလာ

ကမ္ဘာတဝန်း ကိုရိုနာဗိုင်းရပ်စ်ကြောင့် သေဆုံးသူ သုံးသိန်းကျော်အထိ ရှိလာ

မေ ၁၅

ကမ္ဘာတဝန်း ကိုရိုနာဗိုင်းရပ်စ်ကြောင့် သေဆုံးသူဦးရေသည် ယခုအခါ ၃၀၀,၀၀၀ ကျော်အထိ ရှိလာခဲ့ပြီ ဖြစ်ပြီး ကမ္ဘာတဝန်း ဗိုင်းရပ်စ် ကူးစက်ခံထားရသူအရေအတွက်သည်လည်း ၄ ဒသမ ၅ သန်းနား ချဉ်းကပ်ရောက်ရှိလာခဲ့ပြီ ဖြစ်ကြောင်း ရိုက်တာ၏ ဒေတာအချက်အလက်များအရ သိရသည်။

ကမ္ဘာတဝန်း သေဆုံးသူစုစုပေါင်း၏ လေးပုံ ပုံ တစ်ပုံကျော်သည် အမေရိကန်နိုင်ငံတွင် သေဆုံးသူများ ဖြစ်ကြောင်း သိရသည်။

အလားတူ ယူကေနှင့် အီတလီနိုင်ငံတို့တွင် သေဆုံးသူအရေအတွက်သည် ကမ္ဘာတဝန်း စုစုပေါင်း သေဆုံးသူဦးရေ၏ နောက်ထပ် ၁၀ ရာခိုင်နှုန်း နှင့် ၁၁ ရာခိုင်နှုန်းစီနှင့် ညီမျှနေပြီး ပြင်သစ်နှင့် စပိန်တို့ တွင် သေဆုံးသူအရေအတွက်တို့သည်လည်း ကမ္ဘာတဝန်း စုစုပေါင်းသေဆုံးမှု၏ ၉ ရာခိုင်နှုန်းစီနှင့် ညီမျှနေကြောင်း သိရသည်။

ယခုအခါ လေးလတာကာလအတွင်း COVID-19 ရောဂါနှင့် ဆက်နွယ်ပတ်သက်ပြီး သေဆုံးသူအရေအတွက်သည် ကမ္ဘာတဝန်း ငှက်ဖျားရောဂါကြောင့် နှစ်စဉ် သေဆုံးနေသူ အရေအတွက်၏ လေးပုံ ပုံ သုံးပုံခန့်နှင့် ညီမျှနေပြီဖြစ်ကြောင်း သိရသည်။

သို့သော် လက်ရှိ COVID-19 ကြောင့် ကမ္ဘာတဝန်း သေဆုံးသူအရေအတွက်သည် ၁၉၁၈ ခုနှစ် စပိန်တုပ်ကွေးကြောင့် သေဆုံးသူဦးရေနှင့် ယှဉ်ပါက များစွာ လျော့နည်းနေသည်။ စပိန်တုပ်ကွေး ဖြစ်ပွားခဲ့စဉ်က ကမ္ဘာတဝန်း ခန့်မှန်းခြေအားဖြင့် လူပေါင်း သန်း ၅၀၀ ခန့် ကူးစက်ခံခဲ့ရပြီး လူနာအားလုံး၏ ၁၀ ရာခိုင်နှုန်းထက်မနည်း အသက်ဆုံးရှုံးခဲ့ရသည်။

COVID-19 ကြောင့် ပထမဆုံးလူသေဆုံးမှုကို တရုတ်နိုင်ငံ ဝူဟန်မြို့၌ ဇန်နဝါရီ ၁၀ ရက်တွင် ထုတ်ပြန်ဖော်ပြခဲ့ခြင်း ဖြစ်သည်။ ယင်းနောက် ရက်ပေါင်း ၉၁ ရက်အကြာတွင် သေဆုံးသူအရေအတွက်သည် တစ်သိန်းအထိ ရောက်ရှိခဲ့ပြီး နောက်ထပ် ၁၆ ရက်အကြာတွင် နှစ်သိန်းအထိ ရောက်ရှိထားခဲ့ခြင်း ဖြစ်သည်။ COVID-19 ကြောင့် သေဆုံးသူ နှစ်သိန်းကနေ ယခု သုံးသိန်းအထိ ရောက်ရှိရန် အချိန် ၁၉ ရက်ကြာခဲ့သည်ဟု သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly