ပါကစ္စတန်တွင် စက်ရုံပြိုကျ အနည်းဆုံး ၁၈ ဦးသေဆုံး လူ ၁၅၀ ခန့်ပိတ်မိနေ

ပါကစ္စတန်တွင် စက်ရုံပြိုကျ အနည်းဆုံး ၁၈ ဦးသေဆုံး လူ ၁၅၀ ခန့်ပိတ်မိနေ

လာဟို၊ နိုဝင်ဘာ ၅ ။            ။  နိုဝင်ဘာ ၄ က ပါကစ္စတန်နိုင်ငံ၊ အရှေ့ပိုင်း လာဟိုမြို့အနီး စက်ရုံတစ်ခုပြိုကျခဲ့ရာ အနည်းဆုံးလူ ၁၈ ဦးသေဆုံးပြီး လူ ၁၅၀ထိ ပိတ်မိနေသည်ဟု အရာရှိများက ပြောသည်။ ပါကစ္စတန်တွင် စက်ရုံကပ်ဘေးများစွာ ကျရောက်မှုများတွင် နောက်ဆုံးဖြစ်စဉ်ဖြစ်သည်။

ကယ်ဆယ်ရေးလုပ်သားများက ရှင်ကျန်သူများကိုရှာဖွေရန် ဆောက်လုပ်ရေးကိရိယာများဖြင့် ရှင်းလင်းရာ ယခုအချိန်အထိ ဒဏ်ရာရသူ ၄၀ ကိုတွေ့ရှိထားပြီးဖြစ်သည်ဟု Edhi Rescue Services မှ ပြန်ကြားရေးအရာရှိတစ်ဦးဖြစ်သူ မိုဟာမက်ယူနစ်ဘဟာတီက ပြောသည်။

အဆောက်အဦပြိုကျပြီးနောက် အပျက်အစီးပုံများအောက်တွင် လူ ၁၅၀၀န်းကျင် ပိတ်မိနေနိုင်သည်ဟု ကယ်ဆယ်ရေးလုပ်သား ကာရှစ်နာဇီယာက အခင်းဖြစ်ပွားရာနေရာတွင် ပြောကြားသည်။

စစ်တပ်က မြို့ပေါ်မှ ကယ်ဆယ်ရေးအဖွဲ့များကို အခင်းဖြစ်ရာသို့ လေယာဉ်များဖြင့် ပေးပို့ခဲ့ပြီး စစ်မြေပြင်အင်ဂျင်နီယာများကိုလည်း ကယ်ဆယ်ရေးပြုလုပ်ရန် ချက်ခြင်းပို့ဆောင်ခဲ့ကြောင်း စစ်တပ်ပြောခွင့်ရပုဂ္ဂိုလ်က ပြောသည်။

လာဟိုမြို့တောင်ဘက် ကီလိုမီတာ ၂၀ခန့် ကွာဝေးသော စက်မှုဇုံတစ်ခုရှိ ၎င်းစက်ရုံက ဈေးဝယ်အိတ်များ ထုတ်လုပ်သည်။ ဆောက်လုပ်ရေးလုပ်ငန်းများ ဆက်လက်ပြုလုပ်နေခဲ့သော်လည်း ပြိုကျရသည့် အကြောင်းရင်းကို ချက်ခြင်းမသိရသေးပေ။ အလောင်းဆယ်လောင်းကို အခင်းဖြစ်ရာမှ ရွှေ့ပြောင်းပြီးဖြစ်သည်ဟု ဒေသဆိုင်ရာ အကြီးတန်းအစိုးရအရာရှိတစ်ဦးက ပြောသည်။

ပါကစ္စတန်၏ ဆောက်လုပ်ရေးကဏ္ဍမှာ ကြီးကြပ်မှုအားနည်းသဖြင့် ဒုက္ခရောက်လျက်ရှိပြီး ဆောက်လုပ်သူများက ဆောက်လုပ်ရေးစံနှုန်းများကို ချိုးဖောက်လေ့ရှိသည်။

၂၀၁၂ခုနှစ် စက်တင်ဘာလက တောင်ပိုင်းရှိ ကရာချိမြို့တွင် အထည်ချုပ်စက်ရုံတစ်ခုတွင် မီးလောင်မှုကြောင့် လူ ၂၈၉ ဦးမီးလောင်သေဆုံးခဲ့သည်။ ထိုနေ့တစ်နေ့တည်းမှာပင် ရှူးဘိနပ်စက်ရုံတစ်ခု မီးလောင်မှုကြောင့် လာဟိုတွင် လူ ၂၅ဦးသေဆုံးခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly