၀န်ထမ်းများကို နေအိမ်ကနေ အမြဲ အလုပ်လုပ်ခွင့် ပေးလိုက်သည့် တွစ်တာ

၀န်ထမ်းများကို နေအိမ်ကနေ အမြဲ အလုပ်လုပ်ခွင့် ပေးလိုက်သည့် တွစ်တာ

မေ ၁၃

တွစ်တာ (Twitter) ဝန်ထမ်းများကို နေအိမ်ကနေ အမြဲအလုပ်လုပ်ခွင့် ပေးထားလိုက်ပြီဖြစ်ကြောင်း အဆိုပါ ဆိုရှယ်မီဒီယာကုမ္ပဏီ၏ အမှုဆောင်အရာရှိချုပ် ဂျက် ဒေါ့ဆေးက မေလ ၁၂ ရက်တွင် ထုတ်ပြန်ခဲ့သည်ဟု သိရသည်။

အဆိုပါ ဆုံးဖြတ်ချက်နှင့်ပတ်သက်၍ တွစ်တာ၏ ပြောရေးဆိုခွင့်ရှိသူတစ်ဦးကလည်း Guardian ကို အတည်ပြုသည်။

ကုမ္ပဏီအနေဖြင့် COVID-19 ကြောင့် work-from-home ပုံစံကို ပထမဆုံး ကျင့်သုံးခဲ့သည့် ကုမ္ပဏီတစ်ခု ဖြစ်ခဲ့ကြောင်း၊ သို့သော် ရုံးများကို မြန်မြန်ဆန်ဆန် ပြန်ဖွင့်မည့် ကုမ္ပဏီတစ်ခု မဟုတ်ကြောင်း အဆိုပါပြောရေးဆိုခွင့်ရှိသူက ပြောသွားခဲ့သည်။

“ကျွန်တော်တို့ရဲ့ မူဝါဒတွေအရ ဝန်ထမ်းတွေကို အိမ်ကနေ အလုပ်လုပ်ခွင့်ပြုခဲ့ပါတယ်၊ ပြီးခဲ့တဲ့ လအနည်းငယ်အတွင်း ဒါက အလုပ်ဖြစ်ခဲ့တယ်ဆိုတာကိုလည်း တွေ့ရှိခဲ့ပါတယ်၊ တကယ်လို့ ကျွန်တော်တို့ရဲ့ ဝန်ထမ်းတွေအနေနဲ့ ဆန္ဒရှိတယ်ဆိုရင် ခုလိုပဲ အိမ်ကနေပဲ အမြဲ အလုပ်လုပ်ခွင့် ဆက်လက်ရရှိမှာဖြစ်ပါတယ်” ဟု ကုမ္ပဏီက ယင်း၏ ဘလော့ဂ်ပို့စ်တစ်ခုတွင် ပြောထားသည်။

ယခုကဲ့သို့ တွစ်တာကုမ္ပဏီ၏ မူဝါဒသစ်အရ ရုံးမတက်ချင်ဘဲ နေအိမ်တွင် အလုပ်လုပ်ရခြင်းကို နှစ်သက်သဘောကျသည့် ဝန်ထမ်းများအနေဖြင့် အကန့်အသတ်မရှိ အိမ်ကနေသာ အမြဲအလုပ်လုပ်ခွင့် ရရှိမည် ဖြစ်သည်။

တချိန်တည်းမှာပင် အိမ်တွင် အလုပ်မလုပ်ချင်ဘဲ ရုံးပြန်တက်ချင်သည့် ဝန်ထမ်းများအနေဖြင့် အနည်းဆုံး လာမည့် စက်တင်ဘာလ ရုံးပြန်ဖွင့်မည့်အချိန်အထိ စောင့်ဆိုင်းရနိုင်ကြောင်း တွစ်တာကုမ္ပဏီက ထုတ်ပြန်သွားခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly