ကမ္ဘာတဝန်း ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူ ၄ သန်းအထိ ရောက်ရှိ

ကမ္ဘာတဝန်း ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူ ၄ သန်းအထိ ရောက်ရှိ

မေ ၁၀

ကမ္ဘာတဝန်း ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူအရေအတွက်သည် မေလ ၉ ရက်တွင် ၄ သန်းအထိ ရောက်ရှိလာခဲ့ပြီ ဖြစ်ကြောင်း Johns Hopkins တက္ကသိုလ်၏ ဒေတာအချက်အလက်များအရ သိရသည်။

ကိုရိုနာဗိုင်းရပ်စ် ကူးစက်ဖြစ်ပွားမှုကို ကမ္ဘာ့ကပ်ရောဂါအဖြစ် ပြီးခဲ့သည့် မတ်လ ၁၁ ရက်တွင် WHO က ကြေညာခဲ့ပြီးနောက် ယခုလက်ရှိအချိန်တွင် ကမ္ဘာတဝန်း စုစုပေါင်းကူးစက်ခံရသူဦးရေ ၄ သန်းအထိ ရောက်ရှိလာခဲ့ခြင်း ဖြစ်သည်။

အလားတူ မေလ ၉ ရက်အထိ ကမ္ဘာတဝန်း ကိုရိုနာဗိုင်းရပ်စ်ကြောင့် သေဆုံးသူစုစုပေါင်းသည် ၂၇၇,၀၀၀ အထိ ရောက်ရှိခဲ့ပြီ ဖြစ်သည်။

အမေရိကန်နိုင်ငံတွင် ယင်းဗိုင်းရပ်စ်ကြောင့် သေဆုံးသူ ၇၈,၀၀၀ ကျော် ရှိနေသည့်အတွက် ကမ္ဘာပေါ်တွင် COVID-19 ကြောင့် သေဆုံးမှုအများဆုံး နိုင်ငံအဖြစ် ရပ်တည်နေသည်။ ထို့ပြင် အမေရိကန်နိုင်ငံတွင် ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံထားရသူစုစုပေါင်းသည် ၁ ဒသမ ၃ သန်းခန့် ရှိနေသည်ဟု သိရသည်။

တချိန်တည်းမှာပင် အစားအသောက်နှင့် ဆေးဝါးကွပ်ကဲမှုဌာန (FDA) ကလည်း antigen (ပဋိဇာတ်) စမ်းသပ်မှုအတွက် အရေးပေါ် ခွင့်ပြုချက်ထုတ်ပေးလိုက်ကြောင်း မေလ ၉ ရက်တွင် ကြေညာသွားခဲ့သည်။ ယင်းသည် နိုင်ငံတွင် ပြန်လည် ဖွင့်လှစ်မှုများလုပ်ဆောင်ရန်အတွက် အဓိက ကျလိမ့်မည်ဖြစ်ကြောင်း FDA က ပြောသွားခဲ့သည်။ အဆိုပါ စမ်းသပ်မှုက နှာခေါင်းအတွင်းမှ ယူထားသည့် သလိပ်များမှ စုဆောင်းထားသော နမူနာများတွင် ဗိုင်းရပ်စ် ပရိုတိန်းအပိုင်းအစများကို လျင်မြန်စွာ စစ်ဆေးတွေ့ရှိနိုင်မည်ဟု FDA က ပြောသည်။

ထို့ပြင် ကမ္ဘာပေါ်တွင် အမေရိကန်နှင့် ယူကေပြီးလျင် COVID-19 ကြောင့် တတိယမြောက် လူသေဆုံးမှုအများဆုံး နိုင်ငံဖြစ်သည့် အီတလီတွင် မေလ ၉ ရက်က COVID-19 ကြောင့် သေဆုံးသူဦးရေသည် ၃၀,၀၀၀ ကျော်အထိ ရောက်ရှိသွားခဲ့ပြီ ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly