WHO တွင် ထိုင်ဝမ်ပါဝင်နိုင်ရေး ထောက်ခံကြရန် အမေရိကန်ဥပဒေပြုအမတ်များတိုက်တွန်း

WHO တွင် ထိုင်ဝမ်ပါဝင်နိုင်ရေး ထောက်ခံကြရန် အမေရိကန်ဥပဒေပြုအမတ်များတိုက်တွန်း

မေ ၉

အမေရိကန်ကွန်ဂရက်နိုင်ငံခြားရေးရာကော်မတီခေါင်းဆောင်များသည် ကိုရိုနာဗိုင်းရပ်စ်တိုက်ဖျက်ရေးအတွက် ကျယ်ကျယ်ပြန့်ပြန့်လုပ်ဆောင်ရန်လိုအပ်ကြောင်း ကိုးကားပြောဆိုလျက် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) တွင် ထိုင်ဝမ်ပါဝင်နိုင်ရေး ထောက်ခံကြရန် သောကြာနေ့က နိုင်ငံပေါင်း ၆၀ နီးပါးထံသို့ မေတ္တာရပ်ခံစာရေးသားကာ တိုက်တွန်းလိုက်သည်။

ကုလသမဂ္ဂအဖွဲ့ဝင်မဟုတ်သည့် ထိုင်ဝမ်သည် တရုတ်တို့၏ကန့်ကွက်မှုကြောင့် ကုလအေဂျင်စီတစ်ခုဖြစ်သည့် WHO အဖွဲ့အစည်းတွင် ပါဝင်နိုင်ခြင်းမရှိပေ။

“တရုတ်နိုင်ငံ ဝူဟန်မြို့က စတင်ခဲ့တဲ့ COVID-19 ရောဂါပျံ့နှံ့မှုကို တိုက်ဖျက်ဖို့ တစ်ကမ္ဘာလုံး လုပ်ဆောင်နေရတာဖြစ်တာကြောင့် နိုင်ငံတွေအားလုံးအနေနဲ့ ကမ္ဘာ့ကျန်းမာရေးနှင့် နိုင်ငံရေးလုံခြုံမှု ရရှိစေဖို့လောက် အရေးကြီးတာမရှိပါဘူး” ဟု ဥပဒေပြုအမတ်များက အဆိုပါထုတ်ပြန်ချက်တွင် ရေးသားခဲ့သည်။

အဆိုပါထုတ်ပြန်ချက်ကို အောက်လွှတ်တော်ဒီမိုကရက်တစ်ပါတီနိုင်ငံခြားရေးရာကော်မတီမှ  ဥက္ကဋ္ဌ Eliot Engel ၊ ရီပတ်ဘလစ်ကန်အဆင့်မြင့်အဖွဲ့ဝင် Michael McCaul၊ ရီပတ်ဘလီကန်အထက်လွှတ်တော်နိုင်ငံခြားဆက်ဆံရေးကော်မတီ ဥက္ကဋ္ဌ Jim Rischနှင့် ဒီမိုကရက်တစ်ဆင့်မြင့်အဖွဲ့ဝင်  Bob Menendz တို့က လက်မှတ်ရေးထိုးခဲ့ကြသည်။

အဆိုပါမေတ္တာရပ်ခံချက်စာလွှာကို ကနေဒါ၊ ထိုင်း၊ ဂျပန်၊ ဂျာမနီ၊ ဗြိတိန်၊ ဆော်ဒီအာရေဗျနှင့်ဩစတြေးလျနိုင်ငံတို့ အပါအဝင် ထိုင်ဝမ်ကိုထောက်ခံသော မဟာမိတ်နိုင်ငံများထံသို့  ပေးပို့ခဲ့သည်။

ထို့ပြင် အမေရိကန်သမ္မတဒေါ်နယ်ထရမ့်နှင့် အခြားအမေရိကန်အရာရှိများထံသို့လည်းပေးပို့ခဲ့သည်။ အမေရိကန်သည် ကိုရိုနာဗိုင်းရပ်စ်ပျံ့နှံ့ခဲ့မှုအတွက် တရုတ်နိုင်ငံအား ပြင်းထန်စွာ ပြစ်တင်ဝေဖန်ခဲ့ပြီး တရုတ်တို့က အချက်အလက်များဖုံးကွယ်ခဲ့မှုကြောင့် ရောဂါပိုဆိုးခဲ့ကြောင်း ရှုတ်ချပြောဆိုခဲ့သည်။

ပြီးခဲ့သည့်လက ထရမ့်သည် WHO အား တရုတ်ဗဟိုပြုအဖွဲ့အစည်းဟု သမုတ်ခဲ့ပြီး တရုတ်၏သတင်းအချက်အလက်အမှားအများကို အားပေးအားမြှောက်ပြုခဲ့သည်ဟု  စွပ်စွဲကာ ရန်ပုံငွေထောက်ပံ့မှု ရပ်ဆိုင်းခဲ့သည်။

ထရမ့်နောက်လိုက် ရီပတ်ဘလစ်ကန်အမတ်များကလည်း သမ္မတ၏ပြောဆိုချက်အတိုင်း သံယောင်လိုက်ခဲ့ကြသည်။ ကပ်ရောဂါကာလအတွင်း WHO အပေါ် ထရမ့်၏ တိုက်ခိုက်မှုကို ဒီမိုကရက်တစ်များက ဝေဖန်ခဲ့ပြီး ပြုပြင်ပြောင်းလဲရေး ပြုလုပ်သင့်သည်ဟု ပြောဆိုခဲ့သည်။

ထိုင်ဝမ်သည် အမေရိကန်နှင့် မဟာမိတ်နိုင်ငံများ၏ပံ့ပိုးမှုဖြင့် ယခုလတွင်ပြုလုပ်မည့် ကမ္ဘာ့ကျန်းမာရေးညီလာခံ (WHA)  ဆုံးဖြတ်ချက်ချရေးအဖွဲ့၏ ဝန်ကြီးများအဆင့် အစည်းအဝေးတွင် ပါဝင်နိုင်ရန် ကြိုးစားလျက်ရှိသည်။

သို့သော် ထိုင်ဝမ်၏ကြိုးပမ်းအားထုတ်မှုသည် ကျန်းမာရေးအရမဟုတ်ဘဲ နိုင်ငံရေးအပေါ်အခြေခံကြောင်း တရုတ်က ပြောဆိုခဲ့ပြီး ကြိုးပမ်းချက်အောင်မြင်မည်မဟုတ်ဟု ဆိုသည်။

ထိုင်ဝမ်က ၎င်းအား WHO တွင်မပါဝင်နိုင်အောင် လုပ်ဆောင်ခြင်းသည် ကိုရိုနာဗိုင်းရပ်စ်တိုက်ဖျက်ရာတွင် အန္တရာယ်ကြီးမားသော ကွာဟချက်ကို ဖြစ်ပေါ်စေနိုင်သည်ဟု ပြောဆိုခဲ့သည်။

ကမ္ဘာကြီး ကပ်ရောဂါနှင့် နပမ်းလုံးနေရချိန်တွင် ထိုင်ဝမ်၏ရင်းမြစ်များနှင့် ကျွမ်းကျင်မှုများသည်  အကျိုးပြုနိုင်သော အဖိုးတန်အရာများဖြစ်ကြောင်း အမေရိကန်ဥပဒေပြုအမတ်များက ပြောကြားခဲ့သည်။ ထိုင်ဝမ်သည် ၂၀၀၉ ခုနှစ်မှ ၂၀၁၆ ခုနှစ်အတွင်းကျင်းပခဲ့သော WHA အစည်းအဝေးများသို့တက်ရောက်ရန် ဖိတ်ကြားခြင်းခံခဲ့ရကြောင်း မှတ်ချက်ပြုခဲ့ကြသည်။  

“ရောဂါဆိုတာ နယ်နိမိတ်အကန့်အသတ်မရှိပါဘူး။ WHO အဖွဲ့မှာ ထိုင်ဝမ်ပါဝင်နိုင်ရေးထောက်ခံကြဖို့ အစိုးရတွေကို တိုက်တွန်းနှိုးဆော်ပါတယ်။ ၂၀၂၀ မေလမှာ ရုပ်မြင်သံကြားကနေတစ်ဆင့်ပြုလုပ်မယ့် WHO ရဲ့ညီလာခံမှာ ထိုင်ဝမ်ကို ဖိတ်ကြားသွားဖို့ ကုလသမဂ္ဂနိုင်ငံတွေကို တိုက်တွန်းပါတယ်” ဟု မေတ္တာရပ်ခံချက်တွင် ရေးသားထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required