မြဝတီနယ်စပ်မှ ပြန်လည်ဝင်ရောက်လာသည့် မြန်မာလုပ်သား ၄ ဦး COVID-19 ရောဂါ သံသယလက္ခဏာတွေ့ရှိ

မြဝတီနယ်စပ်မှ ပြန်လည်ဝင်ရောက်လာသည့် မြန်မာလုပ်သား ၄ ဦး COVID-19 ရောဂါ သံသယလက္ခဏာတွေ့ရှိ

မေ ၈

မြဝတီနယ်စပ်မှ ပြန်လည်ဝင်ရောက်လာသည့် မြန်မာလုပ်သား လေးဦး COVID-19 ရောဂါ သံသယလက္ခဏာတွေ့ရှိ၍ နှာခေါင်းတို့ဖတ်ယူကာ အမျိုးသားဓာတ်ခွဲဌာနသို့ ယနေ့ ပို့ဆောင်မည်ဖြစ်ကြောင်း မြဝတီမြို့နယ်၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးသန့်ဇင်အောင်က ပြောသည်။

အဆိုပါ စောင့်ကြည့်လူနာ သုံးဦးနှင့် သံသယလူနာ တစ်ဦး စုစုပေါင်း လေးဦး ကို မြဝတီခရိုင်ဆေးရုံသို့ ပို့ဆောင်ထားပြီး တစ်ဦးသည် ချောင်းအဆက်မပြတ်ဆိုးနေခြင်းကြောင့် သီးသန့်ဆောင်တွင် တစ်ဦးတည်းထားရှိထား သည်။

ဦးသန့်ဇင်အောင်က “အပူချိန်တက်တယ်၊ ချောင်းဆိုးတယ်၊ ဆေးရုံမှာစောင့်ကြည့်တဲ့ ကြားထဲကမှ အပူချိန်ကမကျဘူး။ ချောင်းကလည်းဆက်ဆိုးနေတယ်။ သူ့ကို သီးသန့်ဆောင်မှာထား ပြီး လေးဦးလုံးရဲ့ အာခေါင်တို့ဖတ်၊ နှာခေါင်းတို့ ဖတ်တွေယူပြီးတော့မှ အမျိုးသားဓာတ်ခွဲခန်း ရန်ကုန်ကိုပို့ထားတယ်” ဟု ပြောသည်။

စောင့်ကြည့်လူနာသုံးဦးသည် ကရင်ပြည်နယ်၊မြဝတီမြို့နယ်၊ အမှတ်(၄)ရပ်ကွက်၊မြဝတီမြို့တွင် နေထိုင်သည့် မိသားစုဖြစ်ပြီး အသက် ၄၀အရွယ် အမျိုးသားတစ်ဦး၊ အသက် ၃၁နှစ်အရွယ် အမျိုးသမီးတစ်ဦး၊အသက် ခုနှစ်နှစ်အရွယ် မိန်းကလေးတစ်ဦး တို့ဖြစ်သည်။

စောင့်ကြည့်လူနာသုံးဦးသည် မေလ၁ရက်က ထိုင်း-မြန်မာချစ်ကြည်ရေးတံတားအမှတ်(၂) မှ ဝင်ရောက်လာသည့် ၆၀ဦးထဲမှ အပူချိန်မြှင့်နေသဖြင့် ခွဲထုတ်ကာ မြဝတီခရိုင်ဆေးရုံသို့ ပို့ဆောင်ထားခြင်းဖြစ်သည်။

ချောင်းအဆက်မပြတ်ဆိုးနေသည့် သံသယလူနာသည် ကယားပြည်နယ်၊ လွိုင်ကော်မြို့၊ မိုင်းလုံးရပ်ကွက်တွင်နေထိုင်သည့် အသက် ၂၄နှစ်အရွယ်အမျိုးသားတစ်ဦးဖြစ်သည်။
သံသယလူနာသည် မေလ ၂ရက်က ထိုင်းမြန်မာချစ်ကြည်ရေးတံတားအမှတ်(၂)မှ ဝင်ရောက်လာသည့် မြန်မာလုပ်သား ၅၄ဦးထဲမှ အပူချိန်မြှင့်ကာ ချောင်းအဆက်မပြတ်ဆိုးနေ၍ ခွဲထုတ်ကာ မြဝတီခရိုင်ဆေးရုံ၊ သီးသန့် ဆောင်တွင် ထားရှိထားခြင်းဖြစ်သည်။

စောင့်ကြည့်လူနာနှင့် သံသယလူနာ လေးဦးလုံးသည် ထိုင်းနိုင်ငံ၊ မဲဆောက်မြို့ အနီးဝန်းကျင်တွင် နေထိုင်ခဲ့သူများဖြစ်သည်။

မေလ ၁ရက်မှ ၇ရက်နေ့အထိ ထိုင်း-မြန်မာနယ်စပ် မြဝတီနယ်စပ်ဝင်ပေါက် အမှတ်(၂) ချစ်ကြည်ရေးတံတား မှ ဝင်ရောက်လာသူ ၁၈၂ဦးနှင့် တစ်ခြားဂိတ်မှ ဝင်ရောက်သူ နှစ်ဦး စုစုပေါင်း ၁၈၄ဦးရှိပြီဖြစ်သည်။

လက်ရှိဝင်ရောက်လာသူ ၁၈၄ဦး သည် တာ့ခ်ခရိုင်၊ မဲဆောက်မြို့ အနီးဝန်းကျင်က အများစု ဖြစ်ကာ ထိုင်းနှင့် မလေးရှားနယ်စပ်မှ ပြန်လာသူအချို့ ဖြစ်သည်။

ယခု ဝင်ရောက်လာသူများသည် ထိုင်းနိုင်ငံ အရေးပေါ်ကာလ တားမြစ်ချက် အတွင်း ပြန်လည်ဝင်ရောက်လာခြင်းကြောင့် အလိမ်ခံရမှုများရှိကြောင်းသိရသည်။

 မြဝတီနယ်စပ်ဝင်ပေါက် အမှတ်(၂) ချစ်ကြည်ရေးတံတား မှ တစ်ဆင့် ဝင်ရောက်ရန်စာရင်းပေးထားသူ နှစ်သောင်းကျော်ရှိသည်။

မြဝတီမြို့နယ်တွင် မြန်မာလုပ်သား ၂၀၀၀ကျော် ထားရှိနိုင်သည့် Quarantine စင်တာ ၁၀ခု နီးပါးပြင်ဆင်ထားပြီး သက်ဆိုင်ရာ တိုင်းဒေသကြီးနှင့် ပြည်နယ်များသို့ ပို့ဆောင်ရန်အတွက် ယာဉ်တစ်စီးစာ လူဦးရေ မပြည့်ပါက အဆိုပါ Quarantine Center များတွင် ခေတ္တထားရှိကြောင်းသိရသည်။

 “နယ်စပ်မှာ တစ်ချို့ တိုင်းနှင့်ပြည်နယ်က ကားတွေနဲ့စောင့်နေတာရှိတယ်။ ကားတစ်စီးစာထွက်ဖို့ လူမရှိဘူးဆိုရင် နောက် ကားက လမ်းကြောင်းသင့်တာရှိတယ်။ တကယ်လို့ လမ်းကြောင်းမသင့်ရင် Quarantineကို ဒီမှာပဲထားပေးထားတယ်။ နောက်နေ့ လာတဲ့ကားနဲ့ ထည့်ပေးလိုက်တယ်။ သက်ဆိုင်ရာ ဒေသအသီးသီးမှာ အစိုးရကနေ စီမံထားတဲ့ Quarantine စခန်းတွေမှာ ၂၁ရက်နေရတာပေါ့နော်။ ကျွန်တော်တို့ဆီမှာ ထားလို့မရတာကလည်း လူက နေ့စဉ်ရက်ဆက်ဝင်နေတော့ အဲဒါကြောင့် နယ်စပ်မှာထားလို့မရတာပါ။” ဟု ဦးသန့်ဇင်အောင်က ပြောသည်။

နယ်စပ်ဂိတ်ပေါက်မှ ပြန်လည်ဝင်ရောက်လာသည့် မြန်မာရွှေ့ပြောင်းလုပ်သားများကို ကျန်းမာရေးဌာနမှ ကျန်းမာရေးစစ်ဆေးခြင်း၊ လူဝင်မှုကြီးကြပ်ရေးနှင့် အုပ်ချုပ်ရေးပိုင်းမှ စစ်ဆေးခြင်းများကို သတ်မှတ်ထားသည့် အကွာအဝေးမှ အဆင့်ဆင့် စနစ်တကျ ပြုလုပ်ခြင်းဖြစ်ကြောင်းသိရသည်။

လက်ရှိမြန်မာနိုင်ငံတွင် ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရသူသည် မေလ ၈ ရက် မနက်ပိုင်းအထိ အတည်ပြုလူနာ ၁၇၆ဦးရှိပြီး ရောဂါပိုးကင်းစင်လာသူ ၃၇ အားဆေးရုံဆင်းခွင့်ပြုခဲ့ကာ သတ်မှတ်နေရာများတွင် အသွားအလာကန့် သတ်၍ စောင့်ကြည့်လျှက်ရှိသည်။ သေဆုံးသူ ခြောက်ဦးရှိပြီဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required