ဒေါ်နယ်ထရမ့်၏ အနီးကပ် ၀န်ထမ်းတစ်ဦး ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံထားရ

ဒေါ်နယ်ထရမ့်၏ အနီးကပ် ၀န်ထမ်းတစ်ဦး ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံထားရ

မေ ၈

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်၏ အနီးကပ် ကိုယ်ရေးကိုယ်တာ ၀န်ထမ်းတစ်ဦးအဖြစ် တာဝန်ထမ်းဆောင်နေသည့် အမေရိကန်ရေတပ် တပ်ဖွဲ့ဝင်တစ်ဦး ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံထားရသည်ဟု သိရသည်။

ယင်းအတွက်ကြောင့် သမ္မတ ထရမ့်အနေဖြင့်လည်း ဗိုင်းရပ်စ်နှင့် ထိတွေ့ခဲ့နိုင်ဖွယ်ရှိသည့် အလားအလာနှင့်ပတ်သက်၍ စိုးရိမ်ပူပန်မှုများကို မြင့်တက်စေခဲ့သည်။

အဆိုပါ အမှုထမ်းများသည် အိမ်ဖြူတော်တွင် တာဝန်ထမ်းဆောင်ရန် ရည်ရွယ်လေ့ကျင့်ပေးထားသော အမေရိကန်စစ်တပ်အထူးတပ်ဖွဲ့တစ်ခုမှ တပ်ဖွဲ့ဝင်များဖြစ်ပြီး ၎င်းတို့သည် တစ်ခါတစ်ရံ သမ္မတနှင့် သမ္မတ၏မိသားစု အတွက် အလုပ်တာဝန်များကို နီးနီးကပ်ကပ် လုပ်ကိုင်ဆောင်ရွက်ပေးကြရသည်ဟု သိရသည်။

ယခုကဲ့သို့ အဆိုပါ အနီးကပ် ၀န်ထမ်းတစ်ဦး ကိုရိုနာဗိုင်းရပ်စ်ပိုး တွေ့ရှိကြောင်း သိရှိခဲ့ပြီးနောက် သမ္မတ ထရမ့်သည်လည်း စိတ်မကောင်း ဖြစ်သွားခဲ့သည်ဟု သိရသည်။

ယင်းနောက် သမ္မတ ထရမ့်ကိုလည်း အိမ်ဖြူတော်ဆရာဝန်က ဗိုင်းရပ်စ် စစ်ဆေးမှုများ လုပ်ဆောင်ပေးခဲ့ကြောင်း သိရသည်။

သမ္မတ၏ ၀န်ထမ်းများအနက် တစ်ဦး ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံထားရကြောင်းကို အိမ်ဖြူတော်ကလည်း အတည်ပြုထုတ်ပြန်ခဲ့ပြီးဖြစ်သည်။

“အိမ်ဖြူတော်ဝန်းထဲမှာ အလုပ်လုပ်နေတဲ့ ၀န်ထမ်းတစ်ဦးမှာ ကိုရိုနာဗိုင်းရပ်စ် ရှိနေတာကို စစ်ဆေးသိရှိခဲ့ရပါတယ်၊ အဲဒီနောက်ပိုင်း သမ္မတ ထရမ့်နဲ့ ဒုသမ္မတ မိုက်ပန့်စ် တို့လည်း စစ်ဆေးမှုတွေ လုပ်ခဲ့ပြီး ဗိုင်းရပ်စ် ကင်းရှင်းနေတာကို တွေ့ရှိခဲ့ပါတယ်၊ သူတို့နှစ်ယောက်စလုံး ကျန်းမာရေးက ကောင်းနေပါတယ်” ဟု အိမ်ဖြူတော် ဒုတိယသတင်းပြန်ကြားရေးအရာရှိ Hogan Gidley က ပြောသွားခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required