ဗုံးကြောင့် ရုရှလေယာဉ် ပျက်ကျခြင်းဖြစ်ဖွယ်ရှိဟု အမေရိကန်နှင့် ယူကေပြော

ဗုံးကြောင့် ရုရှလေယာဉ် ပျက်ကျခြင်းဖြစ်ဖွယ်ရှိဟု အမေရိကန်နှင့် ယူကေပြော

အီဂျစ်နိုင်ငံ ဆိုင်နိုင်းကျွန်းတွင် လိုက်ပါသူ ၂၂၄ ဦးစလုံးသေဆုံးခဲ့သည့် ရုရှလေယာဉ်သည် ဗုံးပေါက်ကွဲမှုကြောင့် ပျက်ကျခြင်းဖြစ်ဖွယ်ရှိကြောင်း စုံစမ်းထောက်လှမ်းမှုများက ယူဆထားသည်ဟု အမေရိကန်နှင့် ဗြိတိန်တာဝန်ရှိသူများက ပြောသည်။

သို့သော် တရားဝင် အတည်ပြုချက် မချနိုင်သေးကြောင်း ၎င်းတို့က ပြောသည်။ ဗြိတိန်က အစောပိုင်းက ဆိုင်နိုင်းကျွန်းသို့ လေကြောင်းခရီးစဉ်များကို ရပ်ဆိုင်းထားခဲ့သည်။ အိုင်အက်စ်တို့နှင့် ချိတ်ဆက် သည့် စစ်သွေးကြွအဖွဲ့တစ်ဖွဲ့က ယင်းလေယာဉ်ကို ပစ်ချခဲ့ခြင်းဖြစ်သည်ဟု ကြေညာလာခြင်းအား အီဂျစ်က ငြင်းပယ်ထားသည်။

ရုရှပညာရှင်များကမူ လေယာဉ်ပျက်ကျရသည့် အကြောင်း ပြောဆိုရန် စောလွန်းသေးကြောင်း ဆိုသည်။ သီးခြားအနေဖြင့် နိုဝင်ဘာ ၄ ရက်က အီဂျစ်တာဝန်ရှိသူများက လေယာဉ်မှူးခန်း အသံမှတ်တမ်း တင်ကိရိယာက ပျက်ကျမှုကြောင့် ဆိုးဆိုးဝါးဝါးပျက်စီးထားသည်ဟု ပြောသည်။

သို့သော် လေယာဉ်အချက် အလက်မှတ်တမ်း တင်ကိရိယာမှ သတင်းအချက်အလက်များကို ထုတ်ယူကာ စုံစမ်းစစ်ဆေးဖို့လုပ်ဆောင်နေပြီဖြစ်ကြောင်း အီဂျစ်မြို့ပြလေကြောင်း ဝန်ကြီး မိုဟာမတ် ဟူဆမ်ကာမယ်က ပြောခဲ့သည်။

ရုရှနိုင်ငံ စိန့်ပီတာစဘတ်သို့ ဦးတည်သည့် ယင်းလေယာဉ်သည် အီဂျစ်နိုင်ငံ ရှမ်အယ်ရှိတ်လေဆိပ်မှ အောက်တိုဘာ ၃၁ ရက်က ပျံတက်ပြီး ၂၃ မိနစ်အတွင်း ဆိုင်နိုင်းကန္တာရအတွင်းသို့ ပျက်ကျ ခဲ့ခြင်းဖြစ်သည်။

Ref: BBC

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly